ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၉ ရက်
ရှမ်း-ကယားနယ်စပ်ဒေသတွင် ယနေ့မနက်ပိုင်းမှ ရိက္ခာနှင့် လက်နက်ခဲယမ်းလာပို့သည့် စစ်ကောင်စီတပ်မှ တပ်ခွဲမှူး အပါအဝင် ၅ ဦးအား ကရင်နီတပ်မတော်(KA)၊ ကရင်နီကွန်မန်ဒိုတပ်ဖွဲ့မှ ဦးစီး၍ ကရင်နီတပ်မတော် အမှတ်(၁)တပ်ရင်း၊ ကရင်နီတပ်မတော်အမှတ်(၅)တပ်ရင်းနှင့် KNDF တို့ ပါဝင်သော ပူးပေါင်းတပ်ဖွဲ့များမှ အရှင်ဖမ်းမိခဲ့ကြောင်း ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
နယ်စပ် BP.12 ဖက်သို့ ရိက္ခာနှင့် လက်နက်ခဲယမ်းပို့ဆောင်လာသော စစ်ကောင်စီတပ် ခလရ(၅၄) အင်အား(၃၀)ခန့်ကို ဟွေ့မာကော်နှင့် ဟွေခွန်းမောင်းဆိုသည့် နေရာကြားတွင် ယနေ့ ဖေဖော်ဝါရီလ(၁၉)ရက်နေ့ မနက် ၁၀ နာရီခွဲခန့်မှ ၁၁ နာရီခန့်အထိ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ တပ်ခွဲမှူး(၁)ဦးအပါအဝင် အခြားစစ်သည် စုစုပေါင်း(၅)ဦးအရှင်ဖမ်းမိခဲ့ပြီး ၎င်းတို့ကိုင်ဆောင်သော MA လက်နက်မျိုးစုံ(၁၀)လက်နှင့် ကျည်ဆံ၊ ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ကြားဖြတ်တိုက်ခိုက်မှုအတွင်း နယ်မြေရှင်းလင်းရေးဆောင်ရွက်စဥ် စစ်ကောင်စီတပ်သား ရုပ်အလောင်း(၆)လောင်း လက်ရဖမ်းဆီးရမိခဲ့ကြောင်းနှင့် KA၊ KNDF ပူးပေါင်းအဖွဲ့ဘက်မှ ထိခိုက်မှုမရှိခဲ့ကြောင်း KA သတင်းပေးပို့ချက်ကို ကိုးကား၍ ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။
အလားတူ ဖေဖော်ဝါရီလ(၁၈)ရက်နေ့ကလည်း ရှမ်းပြည်တောင်ပိုင် SSS နယ်မြေကို ဖြတ်၍ ရိက္ခာပို့ရန် ဆင်းလာသော စစ်ကောင်စီတပ်များအား ကရင်နီတပ်မတော်(KA) အမှတ်(၃)တပ်ရင်းတပ်ဖွဲ့မှ စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖက်မှ(၃)ဦးထက်မနည်း သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူအချို့ခဲ့ကြောင်း ဖေဖော်ဝါရီလ(၁၄)ရက်နေ့တွင်လည်း ထပ်မံ စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ဖက်မှ(၅)ဦးခန့် သေဆုံးခဲ့ပြီး ဒဏ်ရာအများအပြားရရှိခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်များမှာ ရှမ်းပြည်တောင်ပိုင်း ရှမ်း-ကရင်နီနယ်စပ်နှင့် တဆက်တည်းရှိနေသည့် ရှမ်းပြည်တောင်ပိုင်း ပြည်သူ့စစ် (SSS) အဖွဲ့၏ နယ်မြေကို အသုံးပြုကာ စစ်သည်အင်အား(၂၀၀)ခန့်ဖြင့် ကရင်နီနယ်စပ်စခန်းရှိ စစ်ကောင်စီတပ်များ၏ စခန်းများသို့ ရိက္ခာနှင့် ခဲယမ်းများ ပို့ဆောင်ရန် ခြောက်သွေ့/ပွင့်လင်းရာသီအတွင်း စီစဉ်နေခြင်းဖြစ်သည်ဟု ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့မှ အဆိုပါထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။