ဧရာဝတီတိုင်းမ်
(ရေး)၊ ဖေဖော်ဝါရီလ ၁၉ ရက်

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေးမြို့အထွက်ရှိ စစ်ကောင်စီလက်အောက်ခံ ရေးတံတားကြီးစစ်ဆေးရေးဂိတ်စခန်းကို ဒီကနေ့ ဖေဖော်ဝါရီလ ၁၉ ရက် နံနက်အစောပိုင်းတွင် YE ဘီလူးအဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ရေးမြို့နယ်အခြေစိုက် အမှတ်-၁၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁၉) အနီးရှိ ရေး-ထားဝယ် ကားလမ်းမပေါ်ရှိ စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခံရမှုကြောင့် တပ်သား ၂၀ ဝန်းကျင်ထိခိုက်သေဆုံးနိုင်ပြီး ရေးဘီလူးဘက်မှ ၃ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း YE ဘီလူးအဖွဲ့ဝင်များကပြောသည်။

“ဒီမနက်ဝေလီဝေလင်း အချိန်လောက်မှာ ရေးတံတားကြီး မြို့ထွက် ကင်းစခန်းကိုဝင်တိုက်ခဲ့တယ်။ စခန်းကိုလည်း သိမ်းနိုင်တယ်ခဲ့တယ်။ အင်အား ၃၀ မှာ ၂၀လောက်ထိနိုင်တယ်။ ကျန်တဲ့သူတွေက ပြေးကုန်တယ်။ ကျွန်တော်တို့ဘက်က ၃ ယောက်ထိတယ်။ ကျတဲ့သူမရှိပါဘူး။ ဒုတိယဂိတ်ကိုပါ သိမ်းမယ်ရည်ရွယ်ထားပေမဲ့ မရခဲ့ဘူး” လို့ YE ဘီလူးအဖွဲ့ခေါင်းဆောင်မှ ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ ဂိတ်စခန်းကို အောင်မြင်စွာ စီးနင်းတိုက်ခိုက်နိုင်ခဲ့သော်လည်း ရေးတံတားကြီးနှင့် တစ်မိုင်ဝန်းကျင်အကွာရှိ စကခ(၁၉)နှင့် တပ်မ(၆၁)တပ်ရင်းများမှ လက်နက်ကြီးပစ်ကူပေးခဲ့ကြောင်းလည်း ရေးမြို့ ဒေသခံတစ်ဦးထံမှ သိရသည်။

ဒါ့ပြင် ရေးမြို့တွင် စစ်ကောင်စီတပ် အမှတ် ၁၉ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်(စကခ ၁၉)နှင့် လက် အောက်ခံ တပ် ရင်းများဖြစ်သည့် ခလရ ၆၁၊ ခလရ ၂၉၉၊ ခမရ ၃၄၃ ၊ ခမရ ၅၈၆ ၊ အမှတ် ၃၁၆ အမြောက်တပ်ရင်း (အမတ ၃၁၆)စသည့် တပ်မ၊တပ်ရင်းများအပြင် အခြားစစ်လက်ရုံးတပ်တချို့လည်းအခြေစိုက်ထားသည့် မြို့လည်းဖြစ်သည်။

“အပစ်ခံရပြီးတော့ တံတားကို နေ့လည် ၁ နာရီထိပိတ်ထားတယ် မနက်ထဲက။ ကျွန်တော်တို့လက်ရှိကြားသိရသလောက် အဲ့ဒီဂိတ်က ရဲနဲ့စစ်သား ၆ ယောက်သေပြီ။ စစ်မှုထမ်းဟောင်း ၁ ယောက်လဲပါတယ်။ ဂိတ်ကသူတွေက စစ်ကောင်စီတပ်တွေအားကိုးနဲ့ ဒေသခံတွေကို အမျိုးမျိုးတောင်းရမ်းပြီး ဒုက္ခပေးနေတာ။”ဟု ​ရေးမြို့နယ် ဒေသခံအမျိုးသားတစ်ဦးက ဆက်လက် ပြောသည်။

ရေး-ထားဝယ်ကားလမ်းပေါ်ရှိ အဆိုပါ စစ်ဆေးရေးဂိတ်စခန်း ကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် လည်း Mon State Revolutionary Organization အဖွဲ့မှ ၄၀မမ ဗုံးသီး ၂ လုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းလည်း အဆိုပါအဖွဲ့ထံမှသိရသည်။