ဧရာဝတီတ်ိုင်းမ်
ဖေဖော်ဝါရီ ၁၉ ရက်

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ ထားမလုံ၊ မြယာရိုးကျေးရွာမှ ရာအိမ်မှူး ဌေးလွင်ဆိုသူကို ယမန်နေ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့
ညနေပိုင်းက သန်လျင်(ပကဖ)မှ ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သိရသည်။

အဆိုပါ မြယာရိုးကျေးရွာမှ ရာအိမ်မှူးဌေးလွင်ဆိုသူသည် စစ်ကောင်စီမှ လက်နက်ကိုင်ဆောင်ခွင့်ပြုပြီးနောက် သေနတ်ရရှိထားတာကြောင့် PDF များကို စိန်ခေါ်ကြွေးကြော်လေ့ရှိသူဖြစ်ကြောင်း ဒေသခံများကပြောသည်။

“ဌေးလွင်က ပျူအဖွဲ့၀င်။ သေနတ်ကိုင်ထားပြီး စိန်ခေါ်နေတာ။ သေနတ်တွေပေးကိုင်လိုက်ကတည်းက အသံကောင်းဟစ်ပြီး သောင်းကျန်းနေတာ။ ရပ်ကွက် ထဲလည်း လူငယ်တွေကို ခေါ်ဖမ်းခိုင်းတယ်။ PDF တွေကိုလည်း လာရဲတဲ့ကောင်လာခဲ့ အဘက သေနတ်ပေးကိုင်ထားတာကွဆိုပြီး စိန်ခေါ်နေတာ။ ခုတော့ ခင်ဗျားက ရာအိမ်မှူးဌေးလွင်လားဆိုပြီး မေးပြီး သေနတ်နဲ့ပစ်သွားတာ”ဟု သန်လျင်မြို့နေထိုင်သူ အမျိုးသားတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ပစ်ခတ်ခံရသည့် ရာအိမ်မှူးဌေးလွင်ဆိုသူသည် စစ်ကောင်စီတပ်ဖွဲ့များကို နေအိမ်သို့ခေါ်ယူ ထမင်းကျွေး ဧည့်ခံ၍ သတင်းပေးဒလန်ပြုလုပ်နေပြီး ရပ်ကွက်တွင်းရှိ လူငယ်များကိုလည်း သတင်းပေး
ဖမ်းဆီးခိုင်းစေမှုများ ပြုလုပ်နေသူဖြစ်ကြောင်း ဒေသခံများထံက
သိရှိရသည်။

၎င်း သေဆုံးမှုနှင့်ပတ်သက်ပြီး သန်လျင်မြို့နယ်အတွင်းရှိ ရပ်ကွက်အချို့သို့ စစ်ကောင်စီမှ ဝင်ရောက်စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး လူငယ်အချို့ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရှိရသည်။

ဒါ့ပြင် စစ်ကောင်စီမှ ရပ်ကွက်အုပ်ချုပ်ရေးမှုးနှင့် အဖွဲ့၀င်များကို လက်နက်များကိုင်ဆောင်ခွင့်ပေးထားပြီး လျှောက်လွှာတင်ရန် မလိုဘဲ စစ်တပ်မှထုတ်ပေးထားသည့် ပစ္စတိုသေနတ်များရရှိနေကြပြီး သေနတ်ပစ်သင်တန်းများပါ ပြုလုပ်သင်ကြားပေးနေကြောင်း အုပ်ချုပ်ရေးနှင့် နီးစပ်သူတစ်ဦးမှ အတည်ပြုပြောဆိုသည်။

အာဏာသိမ်းစစ်ကောင်စီမှ လိုင်စင်နှင့် လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ရက်နေ့ တွင် ထုတ်ပြန်ကြေညာထားပါသေးသည်။