ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၉ ရက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် အသက် ၁၂ နှစ်အရွယ် သမီးဖြစ်သူကို ကာအိန္ဒြေနှောက်ယှက်မှုဖြင့် ဖခင်ဖြစ်သူအား ဖမ်းဆီးအရေးယူထားကြောင်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) ပြောရေးဆိုခွင့်ရှိသူရုံးမှ သိရသည်။

အသက် (၃၀)နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးမှာ (၆)တန်းတက်နေသည့် အသက် (၁၂)နှစ်အရွယ် သမီးဖြစ်သူအား ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလက အဓမ္မပြုကျင့်ခဲ့သည်ဟုဆိုကာ မိခင်ဖြစ်သူက တရားလိုပြုလုပ် တိုင်တန်းခဲ့သဖြင့် ဖေဖော်ဝါရီလ ၇ ရက်တွင် အဆိုပါ ဖခင်ဖြစ်သူအား PSLF/TNLA မှ ဖမ်းဆီးခဲ့ကြောင်း သိရသည်။

“အမှုက မုဒိမ်းမှု မမြှောက်ဘူးပေါ့နော်။ စုံစမ်းစစ်ဆေးတဲ့အချိန်မှာ ဖခင်ရင်းက မုဒိန်းကျင့်တာမဟုတ်ဘဲ မိန်းကလေးငယ်ရဲ့ မိန်းမကိုယ်အင်္ဂါကို လက်နဲ့ထိပါးခြင်းသာဖြစ်တယ်။ ကာအိန္ဒြေနှောက်ယှက်မှု မြှောက်တယ်။ လက်ရှိတော့ တရားစွဲဆို ပုဒ်မမတပ်သေးဘဲ အချုပ်ထဲမှာ ဖမ်းဆီးချုပ်နှောင်ထားဆဲ ဖြစ်ပါတယ်” ဟု PSLF/TNLA ပြောရေးဆိုခွင့်ရှိသူရုံးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

၎င်းမှာ မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ် ရွာခံတစ်ဦးဖြစ်ပြီး ပထမအိမ်ထောင်ကွဲကာ ပြီးခဲ့သည့် ၂ဝ၂ဝ ခုနှစ်အတွင်း အခင်းဖြစ်ပွားရာ ကျေးရွာမှ ရွာခံအမျိုးသမီးတစ်ဦးနှင့် နောက်အိမ်ထောင်ထပ်ပြုခဲ့ကြောင်း၊ ကျူးလွန်ရသူမှာ ယခင်အိမ်ထောင်ဖြင့် ရရှိခဲ့သည့် ၎င်း၏ သမီးအရင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၇ ရက်ကလည်း (၅)နှစ်အရွယ် ကလေးငယ်တစ်ဦးကို အဓမ္မပြုကျင့်၊ လည်ပင်းညှစ် သတ်ဖြတ်ခဲ့သူအား PSLF/TNLA က သေဒဏ်ချမှတ်ခဲ့ပြီး ၂၀၂၀ ခုနှစ်မှ ၂၀၂၃ ခုနှစ်ထိ (၃) နှစ်အတွင်း ပထမဆုံးအကြိမ် သေဒဏ်ချမှတ်ခဲ့သည့် အမှုဖြစ်ကြောင်း သိရသည်။

“မုဒိန်းမှုပေါင်း ၁၀၀ ကျော်ရှိပါတယ်။ အမှုပေါင်း ၃၀ ကျော်က ဖြေရှင်းနိုင်ခဲ့ပြီး ကျန်တဲ့အမှုကိုတော့ တရားစွဲဆို အပြီးသတ်ရုံးချိန်း ဆောင်ရွက်နေပါတယ်။ မုဒိန်းမှု ကျူးလွန်သူကို ထောင်ဒဏ်၊ အလုပ်ကြမ်းအပြင် သေဒဏ်အထိပါ ချမှတ်နိုင်ပါတယ်” ဟု PSLF/TNLA ပြောရေးဆိုခွင့်ရှိသူရုံးမှ တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကိုပြောသည်။

PSLF/TNLA ထိန်းချုပ်နယ်မြေအတွင်း ဖြစ်ပွားခဲ့သည့် ရာဇဝတ်မှုများအနက် အဓမ္မပြုကျင့်မှု၊ ကာအိန္ဒြေနှောက်ယှက်မှု၊ အိမ်တွင်းအကြမ်းဖက်မှုတို့သည် ၄၅ ရာခိုင်နှုန်းထိရှိကြောင်း အမြင့်ဆုံးပြစ်ဒဏ်မှာ သေဒဏ်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ထို့ကြောင့် ရာဇဝတ်မှုများ ပပျောက်အောင် ကျေးရွာအတွင်း လူ့အခွင့်အရေးသင်တန်း၊ ကျား/မတန်းတူရေး၊ အမျိုးသမီးအခွင့်အရေး၊ ဥပဒေရေးရာဆိုင်ရာ သင်တန်းများ ပို့ချလျှက်ရှိပြီး ကျူးလွန်သူနှင့် ခံရသူတို့ တရားမျှတမှုရှိအောင် ဥပဒေအတိုင်း အပြစ်ပေးအရေးယူလျက်ရှိကြောင်း သိရှိရသည်။