ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၉ ရက်

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များက အပြစ်မဲ့ပြည်သူများကို ညှင်းပန်းနှိပ်စက်နေ၍ ၎င်းတို့စခန်းရှိရာ လွတ်လပ်ရေးကျောက်တိုင်အနီးတွင် “ခွေးစာ” ဟု ရေးထားသော ပါဆယ်မိုင်းဖြင့် တိုက်ခိုက်ရန် စောင့်ဆိုင်းခဲ့ကြောင်း People’s Army To Fight Dictatorship(PAFD)အဖွဲ့ထံမှ သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၁၇ ရက်က အပြစ်မဲ့ပြည်သူများအား ရက်စက်စွာ ညှင်းပန်းနှိပ်စက်နေမှုကို လက်မခံနိုင်သောကြောင့် PDF ပူးပေါင်းတပ်ဖွဲ့များက ယမန်နေ့ ဖေဖော်ဝါရီ ၁၈ ရက်၊ နံနက်ပိုင်းတွင် ပါဆယ်မိုင်းဖြင့် တိုက်ခိုက်ရန် စောင့်ဆိုင်းနေစဥ် ပြည်သူများ ထွက်လာသောကြောင့် မဖောက်ခွဲလိုက်ရကြောင်း PAFD အဖွဲ့တာဝန်ရှိသူက ပြောသည်။

“ခွေးတွေက ထွက်လာတယ်။ အဲဒါကို ကျွန်တော်တို့က ခွဲမလို့လုပ်နေချိန် ပြည်သူကားတစ်စီးရယ်၊ သားအမိရယ် ထွက်လာတာနဲ့ သူတို့ထိမှာဆိုးလို့ မခွဲလိုက်ရဘူး။ ညနေမှောင်ရီလောက်ရောက်တော့ သူတို့(စကစ) မိုင်းအင်ဂျင်နီယာတွေ ကားနဲ့ရောက်လာပြီးတော့ မဆိုင်တဲ့သူတွေ အထဲဝင်ဆိုပြီး ခွဲချသွားတယ်” ဟု PAFD အဖွဲ့ တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါစစ်ဆင်ရေးကို People’s Army To Fight Dictatorship(PAFD).တပ်ခွဲ DK PDF(MMU) ၊People’s Knight Defense Force Myinmu(PKDF.MMU) ၊ မြင်းမူမြို့တိုက်နယ်အနောက်ခြမ်း ပ က ဖ TAUNGTHA People Defense Force(TTAPDF) ၊ D.B.B.F.MMU မဟာမိတ်အဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“တကယ်တမ်းက သူတို့(စကစ) ထိထိမိမိထိရမယ့်ဟာကို။ ကျွန်တော်တို့ကလည်း အဲနားလေးမှာ ဆောင်ရွက်ရတာ တော်တော်ကိုအရဲစွန့်ပြီး သွားဆောင်ရွက်ရတာပေါ့။ မလွယ်ဘူးပေါ့ဗျာ။ ပြည်သူတွေက မဆင်မခြင်သွားလာကြတော့ လုပ်ရကိုင်ရခက်တာပေါ့” ဟု ၎င်းက ဆက်လက်ပြောသည်။

ပြည်သူများအနေဖြင့် အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင်များရှိရာ နေရာများသို့ သွားလာခြင်းမျိုး ဂရုစိုက်ရှောင်ရှားကြပါရန် People’s Army To Fight Dictatorship(PAFD)အဖွဲ့မှ မေတ္တာရပ်ခံပန်ကြားထားသည်။

#မြင်းမူ #ခွေးစာ #ပါဆယ်မိုင်း #စစ်ကောင်စီတပ် #ပြည်သူ #မဖောက်ခွဲ #PAFD
#Ayeyarwaddy_Times