နွေဦးမောင်/ဧရာဝတီတိုင်းမ်
(မအူပင်)၊ ဖေဖော်ဝါရီလ ၁၉ ရက်

ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ စစ်ကောင်စီတပ်က ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့ စတင်ပြီး သေနတ်နဲ့ ကျည် ၂၀ စီထုတ်ပေးထားတယ်လို့ သိရပါတယ်။

မအူပင်မြို့မှာရှိတဲ့ ပြည်သူ့စစ်တွေကို BA- 63 မောင်းပြန်ရိုင်ဖယ်တစ်လက်နဲ့ ကျည်အတောင့် ၂၀ စီ ထုတ်ပေးထားတာလို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေကပြောပါတယ်။

” သေနတ် ၁ လက်၊ ကျည်က ၂၀ ၊ ပြီးတော့ ကျည်ကဒ် ၁ ကဒ်၊ ထုတ်ပေးထားတဲ့သေနတ်တွေကို ခလရ ၂၇ မှာ သိမ်းရတယ်၊ ကင်းလှည့်တာတို့ ကင်းပုန်းဝတ်တာတို့မှ ထုတ်ပေးတယ်”လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

မအူပင်မြို့မှာ စစ်မှုထမ်းဟောင်းအဖြစ်ပါဝင်နေသူတွေဟာ စစ်ကောင်စီတပ်ကနေ အကြောင်းအမျိုးမျိုး ကြောင့်ထွက်လာတဲ့သူတွေနဲ့ သတင်းပေးတွေလုပ်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

ခုလိုမျိုး စစ်ကောင်စီတပ်က ပြည်သူ့စစ်တွေကို သေနတ်တရားဝင်ထုတ်ပေးလိုက်တာကြောင့် မြင်းကို ဂျိုတပ်ပေးလိုက်သလိုမျိုး လက်နက်ပြ အနိုင်ကျင့်တာတွေပိုမိုများပြားလာနိုင်လို့ ထိတ်လန့်နေရတယ်လို့ ဒေသခံတွေကပြော​ပါတယ်။