ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၉ ရက်
စစ်ကိိုင်းတိုင်း၊ မုံရွာမြို့ရှိ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန (လဝက)ရုံးကို ဖေဖော်ဝါရီလ ၁၈ ရက် ယမန်နေ့ နံနက် ၃ နာရီဝန်းကျင်တွင် လောင်ချာဖြင့် ၃ ချက်ပစ်ခတ်ခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။
အဆိုပါ ပစ်ခတ်ခံရမှုကြောင့် စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားကြောင်း မုံရွာခရိုင်တပ်ရင်း(၇) Lightning People Defence Force အဖွဲ့မှ တပ်ဖွဲ့ဝင်များကပြောသည်။
“Pading ဆိုတဲ့ လောင်ချာအမျိုးအစားနဲ့ ၃ ချက်ပစ်ခတ် ခဲ့တာပါ။ ပစ်ခတ်ချိန်ကတော့ သိပ်မကြာပါဘူး၊ စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးသလို ထိခိုက်မှုလည်းအတော်များပါတယ်။ စစ်ကောင်စီဒေါက်တိုင်မှန်သမျှကိုလည်း ကျွန်တော်တို့ ဖြိုဖျက်သွားမှာပါ” လို့ မုံရွာခရိုင်တပ်ရင်း(၇)-Lightning People Defence Force မှ တပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
၎င်း တိုက်ခိုက်မှုကို မုံရွာခရိုင်တပ်ရင်း(၇)-Lightning People Defence Force တပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်များဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့နိုင်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံကသိရသည်။