ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၉ ရက်
ဧရာ၀တီတိုင်းဒေသကြီးမှာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ညနေပိုင်းက အချိန်အခါမဟုတ် မိုးရွာပြီးလေပြင်းတိုက်လို့ မြို့နယ်၂ ခုက လူနေအိမ် ၂၉ လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ တိုင်းဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနက သိရပါတယ်။
မိုးသည်းထန်စွာရွာသွန်းပြီးညလေပြင်းတိုက်ခတ်ခဲ့တာကြောင့် ပန်းတနော်မြို့နယ်က အိုင်ကနူး ၊နှဲကော ၊ ဂျို့အိုင်၊ ဇီးပင်၊ အလွတ်ဝ၊ ကျူံလမ်း ၊ငှက်ပျောတောကျေးရွာများက လူနေအိမ် ၂၂ လုံးနဲ့ သာပေါင်းမြို့နယ်က စစ်ပင်ကြီး၊ ဘုရားနီ၊ မဏ္ဍိုင်၊ ကျားရဲကျေးရွာများမှ လူနေအိမ်(၇)လုံးပျက်စီးခဲ့တာဖြစ်ပြီး ၊ အမိုးလန်တာ၊ နေအိမ်တစ်စိတ်တစ်ပိုင်းပြိုကျတာတွေ ဖြစ်ပေါ်ခဲ့တာလို့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနရဲ့စာရင်းတွေအရ သိရပါတယ်။
“တစ်တိုင်းလုံး ပျက်စီးမှုစာရင်းအရ ပန်းတနော်မြို့နယ်က ကျေးရွာအုပ်စု ၇ စုမှာ လေပြင်းကြောင့်ပျက်စီးသွားတာ အိမ်အလုံးရေက ၂၂ လုံးပါ၊ သာပေါင်းမြို့နယ်က ကျေးရွာ ၃ ခုက နေအိမ် ၇ လုံးစုစုပေါင်း၂၉ လုံးပျက်စီးပါတယ်၊ လူထိခိုက်တာတော့မရှိပါဘူး”လို့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနကဝန်ထမ်းတဦးကဧရာ၀တီတိုင်းမ်ကို ပြောပါတယ်။
လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့တဲ့ နေအိမ်ကလူတွေကို နီးစပ်ရာဆွေမျိုးတွေနေအိမ်တွေ ဘုန်းကြီးကျောင်း စာသင်ကျောင်းတွေမှာ ယာယီနေထိုင်ဖို့ စီစဉ်ပေးထားပြီး တစ်ပတ်စာ စားနပ်ရိက္ခာထောက်ပံ့ ပေးထားတယ်လို့ ဆိုပါတယ်။
ဧရာဝတီတိုင်းဒေသကြီးက မြို့နယ်တွေမှာ ၂၀၂၂ ခုနှစ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်၁၃၀၀ ကျော်ပျက်စီးခဲ့ပြီး ယခု၂၀၂၃ ခုနှစ်ဖေဖော်ဝါရီလအတွင်းမှာပင် အချိန်အခါမဟုတ်မိုးသည်းထန်စွာရွာပြီး လေတိုက်ခတ်တာကြောင့် မိုးရာသီမရောက်ခင်မှာပင် နေအိမ်အများဆုံး ထိခိုက်ပျက်စီးတာလို့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဦးစီးဌာနမှတ်တမ်းတွေအရ သိရပါတယ်။
#ဧရာဝတီ #လေပြင်းတိုက်ခတ် #နေအိမ် #ပျက်စီးဆုံးရှုံး
#Ayeyarwaddy_Times