ဆောင်းပါးရှင်း – ဆလိုင်းသန့်စင်
ဖေဖော်ဝါရီလ ၁၈ ရက်

ဧရာ၀တီတိုင်းမှာ ချင်းခေါင်းဆောင်ဆိုသူတွေက (၇၅) နှစ်မြောက် စိန်ရတုချင်းအမျိုးသားနေ့ အခမ်းအနားကို အင်္ဂပူမြို့နယ်၊ ကွင်းကောက်ဒေသမှာ ကျင်းပဖို့ ပြင်ဆင်နေကြတယ်။ အခမ်းအနားကိုတော့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ညပိုင်းနဲ့ ဖေဖော်ဝါရီ ၂၀ ရက် မနက်ပိုင်းမှာ ကျင်းပသွားမယ်လို့ သိရတယ်။

မြန်မာတနိုင်ငံလုံး ဒေသအနှံ့အပြားမှာ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းဖို့ ဝိုင်းဝန်းခုခံတော်လှန်နေကြချိန်မှာ ဧရာ၀တီတိုင်းက ချင်းခေါင်းဆောင်ဆိုသူတွေက အာဏာသိမ်းစစ်ကောင်စီနဲ့ပေါင်းပြီး စိန်ရတု ချင်းအမျိုးသားနေ့ ကျင်းပဖို့ ဆောင်ရွက်နေတာဖြစ်တယ်။ အဲ့ဒီ စိန်ရတု ချင်းအမျိုးသားနေ့ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်ခန့်ထားတဲ့ ဝန်ကြီးချုပ်ဆိုသူ ဦးတင်မောင်ဝင်းကိုယ်တိုင်တက်ရောက်ပြီး ဆုချီးမြှင့်မယ့်အစီအစဉ်လည်း ပါဝင်တယ်လို့ သိရပါတယ်။

ဧရာ၀တီတိုင်းက ချင်းခေါင်းဆောင်ဆိုသူတွရဲ့ ဒီလုပ်ရပ်ကို အတိုဆုံးမှတ်ချက်ပေးရရင်တော့ ဒီလူတွေဟာ “ချင်းဘိုးဘေးတွေမျက်နှာကို အိုးမည်းသုတ်ပြီး မျိုးချစ်စိတ်တစက်ကလေးမှ မရှိတဲ့ နလပိန်းတုန်း ချင်းအမျိုးသားသစ္စာဖောက် သမိုင်းတရားခံတွေ”လို့ပဲ ပြောချင်တော့တယ်။

စစ်တပ်ဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ပြည်သူတင်မြှောက်ထားတဲ့အရပ်သားအစိုးရကို လက်နက်အားကိုးနဲ့ ဖြုတ်ချပြီး အဓမ္မအာဏာသိမ်းခဲ့တယ်။ နောက်ပိုင်းမှာ အကြမ်းမဖက် ဆန္ဒဖော်ထုတ်ပြီး ဒီမိုကရေစီတောင်း ဆိုသူတွေကို ရက်ရက်စက်စက်သတ်ဖြတ်၊ ဖမ်းဆီးနှိပ်စက်ထောင်ချခဲ့တယ်။

စစ်ကောင်စီကို ခုခံတော်လှန်စစ်ဆင်နွှဲခဲ့တဲ့ ချင်းပြည်နယ်ကိုလည်း အနော်ရထာစစ်ဆင်ရေးဆိုပြီး ရွာတွေမီးရှို့၊ လက်နက်ကြီးတွေနဲ့ပစ်၊ လေယာဉ်တွေနဲ့ ဗုံးကြဲ၊ ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေလုပ်ခဲ့လို့ ချင်းပြည်သူ ၁ သိန်းကျော် နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရတယ်။

စစ်ကောင်စီရဲ့လူမဆန်တဲ့အကြမ်းဖက်မှုကြောင့် ချင်းပြည်သူ ၁ သိန်းကျော်ဟာ တောတောင်ထဲမှာရော၊ အိန္ဒိယ-မြန်မာနယ်စပ်မှာပါ ဒုက္ခပေါင်းများစွာနဲ့ စစ်ဘေးရှောင်နေကြရတယ်။ ဒါ့အပြင် ဒီကနေ့အချိန်အထိလည်း စစ်ကောင်စီတပ်က ချင်းပြည်နယ်ကို ထိုးစစ်ဆင်နေသလို ချင်းပြည်သူတွေကို ဒုက္ခရောက်အောင် စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ ပိတ်ဆို့ဖြတ်တောက်တာတွေ၊ နည်းမျိုးစုံနဲ့ဒုက္ခပေးတာတွေ ပြုလုပ်နေဆဲ ဖြစ်တယ်။

ဒီလိုမျိုး ကိုယ့်သွေးသား ချင်းလူမျိုးတွေကို စစ်ကောင်စီက နည်းမျိုးစုံနဲ့ အကြမ်းဖက်သတ်ဖြတ်နေချိန်မှာ ဧရာ၀တီတိုင်း၊ ကြံခင်း၊ မြန်အောင်နဲ့ အင်္ဂပူနယ်က ချင်းခေါင်းဆောင်ဆိုသူတွေက စစ်ကောင်စီနဲ့ပေါင်းပြီး ချင်းအမျိုးသားနေ့ကို အတီးအမှုတ်၊ အကအခုန်တွေနဲ့ အခမ်းအနားကို စည်စည်ကားကားကျင်းပမယ်ဆိုတော့ “ခင်ဗျားတို့ လူတွေရော ဟုတ်ရဲဲ့လား၊ ဒီလောက်တောင် မျိုးချစ်စိတ် ကင်းမဲ့ရသလား၊ ကိုယ်ချင်းစာတရား မဲ့ရသလား“လို့ အဲ့လူတွေကို မေးချင်မိတယ်။

ဧရာ၀တီတိုင်းမှာက သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၂ ခုနှစ်ကစလို့ ချင်းအမျိုးသားနေ့အခမ်းအနား တွေကို ကြံခင်းနဲ့ မြန်အောင်မြို့နယ်တွေက တောရွာတွေမှာ မြို့နယ်အဆင့်အခမ်းအနားတွေအဖြစ် ပြုလုပ်ခဲ့တယ်။

စာရေးသူဟာ ဧရာ၀တီတိုင်းမှာ ချင်းအမျိုးသားနေ့ကို ပထမဆုံးအကြိမ် တိုင်းအဆင့်အခမ်းအနားဖြစ်အောင် ဦးဆောင်ခဲ့သူ ဖြစ်ပါတယ်။ အဓိကရည်ရွယ်ချက်က ဒီမိုကရေစီအသွင်ကူးပြောင်းကာလ၊ ဒီမိုကရေစီ အရပ်သားအစိုးရ လက်ထက်မှာ ကိုယ့်ချင်းအမျိုးသားရေး အခန်းကဏ္ဍ တိုးတက်စေချင်လို့၊ မွေးရာပါ တိုင်းရင်းသားအခွင့်အရေးတွေ ရရှိစေချင်လို့ ဖြစ်တယ်။

စာရေးသူအနေနဲ့ ပုသိမ်မြို့တော်ခန်းမမှာ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀) ရက်မှာ တိုင်းအဆင့် ပထမဆုံးကျင်းပတဲ့ နှစ် (၇၀) ပြည့် ချင်းအမျိုးသားနေ့ကစလို့ ကျင်းပရေးကော်မတီအတွင်းရေးမှူးအဖြစ်နဲ့ ဆောင်ရွက်ခဲ့ပြီး ချင်းအမျိုးသားနေ့အခမ်းအနားကျင်းပရေးအသုံးစရိတ်ကို ဧရာ၀တီတိုင်း ဒေသကြီးအစိုးရ အဖွဲ့ ဘဏ္ဍာရေးအသုံးစရိတ် (ဘတ်ဂျတ်) ထဲမှာ ပါဝင်လာအောင်လည်း ဆောင်ရွက်ခဲ့တယ်။

ချင်းအမျိုးသားနေ့တွေကို ၂၀၁၉ ခုနှစ်မှာ ကြံခင်းမြို့နယ်၊ ၂၀၂၀ ခုနှစ်မှာ မြန်အောင်မြို့နယ်တွေမှာ တိုင်းအဆင့် အခမ်းအနားတွေ ဆက်လက်ကျင်းပခဲ့ပြီး စာရေးသူဟာ ကျင်းပရေးကော်မတီအတွင်းရေးမှူးအဖြစ် တောက်လျှောက် တာဝန်ယူဆောင်ရွက်ခဲ့တယ်။

စာရေးသူဦးဆောင်တဲ့ ချင်းခေါင်းဆောင်တွေရဲ့တင်ပြတောင်းဆိုမှုကို NLD ပါတီ ဦးဆောင်တဲ့အရပ်သား အစိုးရက ဧရာ၀တီတိုင်းမှာ ချင်းအမျိုးသားနေ့ ကျင်းပဖို့အတွက် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်မှာ ဘတ်ဂျတ် သိန်း ၂၀ ကျပ်၊ ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်မှာ ဘတ်ဂျတ်ကျပ်သိန်း ၁၀၀ အထိ တိုးမြှင့်ချထားပေးခဲ့တယ်။ NLD အစိုးရ လက်ထက်ကျမှသာ ချင်းအမျိုးသားနေ့ကျင်းပဖို့ ဧရာ၀တီတိုင်းမှာ တရားဝင်ဘတ်ဂျတ် စတင်ရရှိခဲ့တာဖြစ်တယ်။

ဧရာ၀တီတိုင်းရဲ့ ချင်းအမျိုးသားနေ့ဆိုတာ အစိုးရက ဦးဆောင်ကျင်းပတဲ့ပွဲမဟုတ်ဘဲ ကြံခင်း၊ မြန်အောင်၊ အင်္ဂပူနဲ့ ပုသိမ်ဒေသတွေက ချင်းခေါင်းဆောင်တွေနဲ့ စုဖွဲ့ထားတဲ့ ကျင်းပရေးကော်မတီက ဦးဆောင်ကျင်းပတဲ့ အခမ်းအနား ဖြစ်ပါတယ်။

အစိုးရက ဘတ်ဂျတ်ထုတ်ပေးတာသာဖြစ်ပြီး ချင်းခေါင်းဆောင်များနဲ့ ပွဲကျင်းပဖို့ ရွေးချယ်ထားတဲ့မြို့နယ်က ဌာနဆိုင်ရာများနဲ့ အခမ်းအနားကို ပူးပေါင်းပြင်ဆင် ကျင်းပတဲ့အခမ်းအနား ဖြစ်ပါတယ်။ ဒါက ဧရာ၀တီတိုင်းရဲ့ ချင်းအမျိုးသားနေ့ကြောင်း အကျဉ်းချုပ် ဖြစ်ပါတယ်။

ဧရာ၀တီတိုင်းမှာ ကိုယ့်ချင်းလူမျိုးများအရေးကို ထဲထဲဝင်ဝင်ဆောင်ရွက်ခဲ့သူတယောက်အနေနဲ့ သမ္မတ ဦးသိန်းစိန်လက်ထက်၊ သမ္မတ ဦးထင်ကျော်လက်ထက်နဲ့ သမ္မတ ဦးဝင်းမြင့် လက်ထက်တွေမှာ ပြုလုပ်ခဲ့တဲ့ ချင်းအမျိုးသားနေ့များနဲ့ပတ်သတ်ပြီး ဘာမှဝေဖန်စရာ မရှိဘူး။ ကိုယ့်လူမျိုးရဲ့ အထိမ်းအမှတ် နေ့ထူးနေ့မြတ် ကျင်းပတာဟာ လုံး၀ကို ဖြစ်သင့်ဖြစ်ထိုက်တဲ့ကိစ္စပါ။

သို့သော် အရပ်သားအစိုးရကို လက်နက်အားကိုးနဲ့ အာဏာသိမ်းပြီး ပြည်သူလူထုကို နည်းမျိုးစုံ ဖမ်းဆီး ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်နေတဲ့ စစ်ကောင်စီထံက ဘတ်ဂျတ်တောင်းပြီး စစ်ကောင်စီနဲ့လက်တွဲပြီး စိန်ရတု ချင်းအမျိုးသားနေ့ ကျင်းပတဲ့ကိစ္စကတော့ လုံး၀ကို လက်ခံနိုင်စရာမရှိတဲ့ကိစ္စဖြစ်တယ်။ မျိုးချစ်စိတ် မရှိတဲ့ လုပ်ရပ်ဖြစ်တယ်။ ဒါက ချင်းအမျိုးသားရေးလုပ်တာမဟုတ်၊ ချင်းပြည်သူလူထုကို သစ္စာဖောက်တဲ့လုပ်ရပ် ဖြစ်တယ်လို့ ဆိုချင်ပါတယ်။

“ချင်းအမျိုးသားနေ့” ဆိုတာ ၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ချင်းပြည်နယ်၊ ဖလမ်းမြို့မှာ ပြည်သူ ၅၀၀၀ ကျော်တက်ရောက်တဲ့ ချင်းလူထုညီလာခံကြီးကျင်းပပြီး ပြည်သူတွေကို ဆွေစဉ်မျိုးဆက်အုပ်ချုပ်တဲ့ မြေရှင်ပဒေသရာဇ် တိုက်သူကြီးစနစ်ကို လူထုဆန္ဒနဲ့ ဖြိုဖျက်ခဲ့တဲ့နေ့ ဖြစ်တယ်။

တနည်းအားဖြင့် အာဏာရှင်စနစ်ကို လူထုအားနဲ့ တော်လှန်ဖြိုဖျက်ခဲ့တဲ့ ချင်းတိုင်းရင်းသားတို့ရဲ့ နေ့ထူးနေ့မြတ် ဖြစ်တယ်။ အာဏာရှင်နဲ့ပေါင်းတဲ့နေ့ မဟုတ်ဘူး၊ အာဏာရှင်စနစ် သက်ဆိုးရှည်အောင် လုပ်တဲ့နေ့ မဟုတ်ဘူး။ အာဏာရှင်ကို တော်လှန်တဲ့နေ့ဆိုတာ ဧရာ၀တီတိုင်းက ချင်းခေါင်းဆောင်ဆိုသူတွေ သိမှသိပါလေစ။

ဒီလိုနေ့ထူးနေ့မြတ်ကို ဧရာ၀တီတိုင်းက ချင်းခေါင်းဆောင်ဆိုသူတွေက စစ်အာဏာရှင်တွေနဲ့ပေါင်းပြီး ကျင်းပမယ်ဆိုတော့ ဒီလုပ်ရပ်က ရှေးက ချင်းဘိုးဘေးတွေမျက်နှာကို အိုးမည်းသုတ်လိုက်တာပါပဲ။ အင်မတန်မှ စက်ဆုပ်ရွံရှာဖွယ်လုပ်ရပ်လည်း ဖြစ်တယ်။

အာဏာသိမ်း စစ်ကောင်စီတွေပေးတဲ့ တိုင်းရင်းသားအခွင့်အရေးဆိုတာ အကုန်လုံးက ရွှေရည်စိမ်၊ အတုအယောင်တွေချည်းပဲဆိုတာ၊ သူတို့အာဏာတည်မြဲဖို့ ဝါဒဖြန့်တဲ့လုပ်ရပ်တွေဆိုတာ အာဏာရှင် ဗိုလ်နေဝင်းခေတ်၊ ဗိုလ်သန်းရွှေခေတ် လူဖြစ်လာခဲ့ကြတဲ့ ခင်ဗျားတို့ ဧရာ၀တီတိုင်းက ချင်းခေါင်းဆောင် ဆိုသူတွေ မသိကြတာလား၊ မသိချင်ယောင်ဆောင်နေကြတာလား။

ခင်ဗျားတို့ဘသာသာ စစ်ကျွန်ရူး ရူးချင်လည်း ရူးကြပါ။ နောင်လာနောက်သား လူငယ်တွေကို စစ်အာဏာရှင်တွေ ပေးတာယူ၊ ကျွေးတာစား၊ ခိုင်းတာလုပ်ရတဲ့ စစ်ကျွန်အဖြစ် မသွတ်သွင်းကြပါနဲ့။

အမျိုးသားရေးဆိုတာ လွတ်လပ်မှု၊ တန်းတူညီမျှမှုနဲ့ တရားမျှတမှုအပေါ် အခြေခံရတယ်။ လောဘသား စီးပွားရေးသမားတွေလို “တက်သမျှအစိုးရ၊ တို့အစိုးရ”ဆိုတဲ့ ချီးဘရိန်း အတွေးအခေါ်မျိုးနဲ့ အမျိုးသား နိုင်ငံရေးလုပ်လို့မရဘူးဆိုတာ သဘောပေါက်ကြစေချင်မိတယ်။

လောကကြီးမှာ တချို့အမှားတွေက ခဲဖျက်နဲ့ဖျက်လို့ရပေမယ့် သမိုင်းနဲ့ချီတဲ့ နိုင်ငံရေးဆိုင်ရာအမှားတွေက ခဲဖျက်နဲ့ ဖျက်လို့မရပါဘူး။ အခုလို စစ်ကောင်စီထံက ဘတ်ဂျတ်တောင်း၊ စစ်ကောင်စီနဲ့ပူးပေါင်းပြီး ကျင်းပတဲ့ ဧရာ၀တီတိုင်းက ၇၅ နှစ်မြောက် စိန်ရတု ချင်းအမျိုးသားနေ့အခမ်းအနားဟာ “ချင်းဘိုးဘေးတွေကို အရှက်ခွဲတဲ့ပွဲ၊ ချင်းလူထုကို သစ္စာဖောက်တဲ့ပွဲ”အဖြစ် သမိုင်းတွင်သွားမှာပါ။

နောင်နှစ်ပေါင်းများစွာကြည်သည့်တိုင် ဧရာ၀တီတိုင်းက ချင်းခေါင်းဆောင်ဆိုသူတွေဟာ လူထုကို ညှဉ်းဆဲ သတ်ဖြတ်နေတဲ့ လူသတ်သမား၊ စစ်ရာဇဝတ်ကောင်တွေဖြစ်တဲ့ စစ်ကောင်စီနဲ့ပေါင်းပြီး စိန်ရတု ချင်းအမျိုးသားနေ့အခမ်းအနား ကျင်းပခဲ့တယ်ဆိုတဲ့ ရွံရှာစက်ဆုပ်ဖွယ်ရာ သမိုင်းအမည်းစက်ကြီးတစ်ခု အမြဲ စွန်းထင်းကျန်ရစ်နေမယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပါပဲ။

(ဆောင်းပါးရှင် ဆလိုင်းသန့်စင်သည် ၇၀၊ ၇၁၊ ၇၂ နှစ်မြောက် ချင်းအမျိုးသားနေ့ တိုင်းအဆင့်ကျင်းပရေး ကော်မတီ အတွင်းရေးမှူးဖြစ်ပြီး ၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအထိ ဧရာ၀တီတိုင်းဒေသကြီး လွှတ်တော် တိုင်းရင်းသားရေးရာကော်မတီ၌ ချင်းအရပ်ဖက်ကိုယ်စားလှယ်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့သူ ဖြစ်သည်။)