ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၉ ရက်

မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်ရှိ အုပ်ချုပ်ရေးမှူးတစ်ဦးမှာ ယမန်နေ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်အချိန်က ၎င်း၏သားဖြစ်သူက လည်ပင်းညှစ်သတ်ခဲ့ရာ သေဆုံးသွားကြောင်း သတင်းရရှိသည်။

သေဆုံးသူမှာ အောင်မြေသာစံမြို့နယ်၊ သီရိမာလာအနောက်ရပ်ကွက်မှ အသက် ၆၀ ဝန်းကျင်အရွယ်ရှိ အုပ်ချုပ်ရေးမှူး ဦးမြင့်ဆိုသူဖြစ်ကြောင်း မန္တလေးမြို့အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် အောင်စည်တော်အဖွဲ့ထံမှသိရသည်။

“သေသွားတဲ့ အုပ်ကြီးက အသက် ၆၀ ကျော်ရှိတယ်လို့ သိရတယ်။ သူ့အိမ်က အလည်ဘောင်ရပ်ကွက်မှာလို့သိရပြီး သူ့သားက ဆေးစွဲနေတာကြာပြီဗျ။ သူ့သားက ပိုက်ဆံမပေးရင် အမြဲပြဿနာရှာနေတာ။ အခုလဲ သူ့သားက ငွေတောင်းတာ မပေးလို့ ခုလို လည်ပင်းညစ်သတ်တာ ဖြစ်နိုင်တယ်”ဟု အောင်စည်တော်အဖွဲ့၏ပြန်ကြာရေးအဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

သေဆုံးသွားသော အုပ်ချုပ်ရေးမှူးဦးမြင့်၏ ရုပ်အလောင်းကို စစ်ကောင်စီတပ်နှင့် လူမှုရေးအသင်းများက ဆေးရုံကြီးသို့ သယ်ဆောင်သွားကြောင်း ဒေသခံများထံမှသိရသည်။