ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၉ ရက်

အာဏာသိမ်း စစ်ကောင်စီက လူထုတော်လှန်ရေးထဲ
တွင်ရဟန်းသံဃာတော်များ ပါဝင်မလာအောင် ထင်ရှားကျော်ကြားသည့် ဘုန်းကြီးကျောင်းများကို ငွေကျပ်သိန်းတစ်ထောင် ပေးအပ်ကပ်လှူ၍ စည်းရုံးခြိမ်းခြောက်နေကြောင်း နွေဦးတော်လှန်ရေး သံဃကွန်ရက်မှ ဆရာတော် ဦးဝါယမက ဧရာဝတီတိုင်းမ် သတင်းဌာနကို မိန့်ကြားသည်။

“သူတို့က(စကစ) အာဏာလုတဲ့အချိန်မှာ ရဟန်းသံဃာတွေ ပါမလာအောင် တချို့ထင်ရှားကျော်ကြားတဲ့ ဘုန်းကြီးကျောင်းတွေကို သိန်း ၁၀၀၀ နဲ့အထက် ငွေရေးကြေးရေးတွေ ပေးအပ်တယ်လို့ ဦးဇင်းတို့ သတင်းအခိုင်အမာရတယ်။ အဲဒီလိုပေးပြီးမှ အရှင်ဘုရား ဒီကျောင်းက ရဟန်းသံဃာတွေကို မထွက်ပါစေနဲ့။ မင်းတို့နော် ဒါတွေဟာ ရဟန်းအလုပ် မဟုတ်ဘူး။ ကိုရင်အလုပ် မဟုတ်ဘူး၊ သီလရှင်အလုပ် မဟုတ်ဘူး။ ထွက်လို့ရှိရင်တော့ ဒီကျောင်းမှာ မနေရဘူး၊ ထွက်ရမယ်ဆိုတဲ့ ပုံစံမျိုးတွေနဲ့ လုပ်နေကြတယ်” ဟု ဆရာတော် ဦးဝါယမက မိန့်ကြားသည်။

အာဏာသိမ်း စစ်ကောင်စီသည် ၎င်းတို့အား ထောက်ခံအားပေးသည့် ဘုန်းကြီးများကိုသာ ရဟန်းသံဃာအဖြစ် သတ်မှတ်ထားပြီး ပြည်သူနှင့်အတူ အမှန်တရားဘက် ရပ်တည်နေကြသည့် ရဟန်းသံဃာတော်များကိုမူ ဘုန်းကြီးအတုအယောင်ဟု ဝါဒဖြန့်ပြောဆိုခဲ့သည်။

ရဟန်းသံဃာတော်များအနေဖြင့် ရွှေဝါရောင် သံဃအရေးအခင်းလို ထွက်လာနိုင်သော်လည်း ယခုကဲ့သို့ အာဏာသိမ်း စစ်ကောင်စီက အကျိုးစီးပွါးများဖြင့် ချုပ်နှောင်ထားပြီး ခြိမ်းခြောက်ပိတ်ပင်ထားကြောင်းနှင့် အမှန်တရားပြောသည့် ရဟန်းသံဃာတော်များကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း ဆရာတော်က မိန့်ကြားသည်။

စစ်ကောင်စီအလိုကျ ပြောဆိုနေကြသည့် နာမည်ကျော်ဘုန်းကြီးများထဲ သီတဂူ၊ ဝီရသူ၊ ဝစီပိတ်၊ အရှင်ဆေကိန္ဒ၊ပေါက်ကိုယ်တော် (ခ) အရိယဝံသ စသည့် အစွန်းရောက် မဘသဘုန်းကြီးများ ပါဝင်နေပြီး ၎င်းတို့ကို ပြည်သူလူထုက ဝေဖန်ပြစ်တင်နေကြသည်။

အာဏာသိမ်းပြီးနောက်ပိုင်း လက်ရှိအချိန်ထိ ရဟန်းသံဃာတော် ၁၀၀ ပါးဝန်းကျင်ကို စစ်ကောင်စီက မတရားဖမ်းဆီးထားပြီး သံယာ ၁၀ ပါးကျော် သတ်ဖြတ်ခံရကြောင်း နွေဦးတော်လှန်ရေး သံဃကွန်ရက်မှ ဆရာတော် ဦးဝါယမက မိန့်ဆိုသည်။