ဧရာဝတီတိုင်းမ်
(ချင်း)၊ ဖေဖော်ဝါရီ ၁၈ ရက်

ချင်းပြည်နယ်တွင် CDM ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းဖွဲ့စည်းထားသည့် ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့သည် တရားမျှ တမှုရှိစေရန်အတွက် စစ်ကောင်စီ၏ လူမဆန်စွာ ကျူးလွန်သော ပြစ်မှုများနှင့် တော်လှန်ရေးကို အခွင့်အကောင်းယူကာ ပြစ်မှု အမျိုးမျိုး ကျူးလွန်သူများအတွက် အမှုဖွင့် အရေးယူဆောင်ရွက်မှုများကို မကြာမီ ကာလအတွင်း အပြည့်အ၀ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ချင်းပြည်နယ်ပြည်သူ့ရဲတပ်ဖွဲ့တွင် ပြန်လည်တာဝန်ထမ်းဆောင်နေသော CDM ရဲတပ်ဖွဲ့ဝင် အင်အား ရာချီရှိနေပြီး အသစ်ထပ်မံဝင်ရောက်လာသည့် ပြည်သူ့ရဲ တပ်ဖွဲ့ ၀င်များနှင့် လက်နက်အင်အားလည်း အထိုက်အသင့်ရှိနေပြီဖြစ်၍ အခြားလိုအပ်ချက်များကို တဖြည်းဖြည်းခြင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့တာဝန်ရှိသူက ဆိုသည်။

“ချင်းပြည်နယ်မှာရှိတဲ့ မြို့နယ် ၇ မြို့နယ်မှာ မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့ ဖွဲ့စည်းနိုင်ခဲ့ပါပြီ။ ကျွန်တော်တို့ ပြည်သူ့ရဲတပ်ဖွဲ့ဟာ ချင်းလူမျိုးတစ်ခုထဲအတွက် မဟုတ်ဘဲ တစ်နိုင်ငံလုံး အတွက်ဖြစ်ပါတယ်။ ပြည်သူလူထုကနေ ပေါက်ဖွားလာတာ ဖြစ်တဲ့အတွက် တိုင်းရင်းသားအားလုံးအတွက်သာမက ကမ္ဘာအရပ်ရပ်မှာ ရောက်နေကြတဲ့ ပြည်သူလူထု အားလုံးက ပိုင်ဆိုင်ထားတဲ့ ရဲတပ်ဖွဲ့ကြီးဖြစ်တယ်”ဟု ချင်းပြည်နယ်၊ ရဲတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့ယာယီ အုပ်ချုပ်ရေးကော်မတီသည် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) နှင့် ကြားကာလချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ(CNCC) တို့က အသိအမှတ်ပြုထားသည့် အဖွဲ့အစည်းဖြစ်ပြီး တော်လှန်ရေး အဖွဲ့အစည်းများ နှင့်လည်း လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်သူ့ရဲတပ်ဖွဲ့ တာဝန်ရှိသူ ထံက သိရသည်။

ချင်းပြည်နယ် မြို့များတွင်ရှိသည့် စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့အား ချင်းပြည်သူ လူထုက အယုံအကြည်ကင်းမဲ့သည့်အတွက် အမှုတိုင်ကြားသူနည်းပါးကာ ချင်းပြည်နယ်၊ ပြည်နယ်ပြည်သူ့ရဲတပ်ဖွဲ့ထံသာ အမှုတိုင်ကြားသူ အများအပြားရှိနေပြီး ပြစ်မှု ကျူးလွန်သော တရာခံများကို မြို့တွင်းအထိ သွားရောက်ဖမ်းဆီးမှုများ ရှိကြောင်း သိရသည်။

“စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ဝင်တွေ ဆီမှာ တိုင်ကြားမှု မရှိသလောက်ပါပဲ။ ချင်းပြည်နယ်ရဲ့ နယ်မြေအများစုက ကျွန်တော်တို့ ချင်းပြည်နယ်၊ ပြည်သူ့ရဲ တပ်ဖွဲ့ဝင်တွေနဲ့ မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့ဝင်တွေက တရားဉပေဒစိုးမိုးရေးကို လုပ်ထား တာပါ။ ပြည်သူလူထုကလည်း ကျွန်တော်တို့ရဲတပ်ဖွဲ့ဆီမှာပဲ အမှုလာတိုင်တာ များပါတယ်။ မြို့တွင်းအထိဝင်ပြီး တရားခံဖမ်းဆီးရတာတွေလည်း ရှိပါတယ်”ဟု ပြည်သူ့ရဲတပ်ဖွဲ့တာဝန်ရှိသူက ဆက်လက်ပြောကြားသည်။

ချင်းပြည်နယ်၊ မြို့နယ်တချို့တွင် အမှုစစ်ဆေးခြင်းနှင့် တရားစီရင်ခြင်းတို့ကို ပြည်နယ်ပြည်သူ့ရဲတပ်ဖွဲ့က ဆောင်ရွက်နေပြီး ချက်ချင်းအရေးယူရမည့် အမှုများကို ချက်ခြင်း အရေးယူမှုဆောင်ရွက်ကာ မဆောင်ရွက်နိုင်သေးသည့် အမှုများကိုလည်း အခြေအနေပေါ်မူတည်၍ ဉပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ လိုအပ်သလို ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြည်သူ့ရဲတပ်ဖွဲ့ထံက သိရသည်။

ချင်းပြည်နယ်ပြည်သူ့ရဲတပ်ဖွဲ့ယာယီ အုပ်ချုပ်ရေးကော်မတီကို ပြီးခဲ့သည့် ၂၀၂၂ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့တွင် CDMရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ချင်းပြည်နယ်၊ ပြည်နယ်ပြည်သူ့ရဲတပ်ဖွဲ့ထံသို့ အမှုတိုင်ကြားနေသည့် ပြည်သူများရှိနေသလို တိုင်ကြားလိုသူ ပြည်သူများအနေဖြင့် (Chin State People’s Police Force) Facebook Page၊ Messenger ၊ Telegram နှင့် ဖုန်းတို့မှတစ်ဆင့် ဆက်သွယ်တိုင်ကြားနိုင်ကြောင်း သိရသည်။