ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၈ ရက်
ဧရာဝတီတိုင်းတွင်းရှိ မြို့နယ်အများစုတွင် အုတ်လုပ်ငန်းများမှာ စစ်အာဏာသိမ်းပြီး နောက်ပိုင်း အရောင်းဝယ်များကျဆင်းလာကာ အုတ်လုပ်ငန်းမှာ ရပ်နားရမည့်အခြေအနေဖြစ်လာကြောင်း သတင်းရရှိသည်။
အုတ်လုပ်ငန်းကို နှစ်စဉ် အောက်တိုဘာလမှစ၍ မေလအထိ လုပ်ကိုင်ကြပြီး ယခင်က အုတ်ပေါင်း သိန်းချီရောင်းခဲ့ရပြီး ယခုတွင် သောင်းဂဏန်းလောက်သာ ရောင်းရသောကြောင့် စားဝတ်နေရေး ကြပ်တည်းလာကြောင်း အုတ်လုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။
” အာဏာမသိမ်းခင်နှစ်တွေက ရောင်းအားကောင်းတယ်၊ အခုက ရောင်းအားကျဆင်းလာပြီး ပစ္စည်းတွေသာရှိပြီး ငွေအိပ်တော့ ရှေ့ဆက်လုပ်ဖို့ မလွယ်တော့ဘူး၊ လုပ်သားတွေကို သာအဆင်ပြေရေး လုပ်ပေးနေရတာ အလုပ်ကရပ်ဆိုင်းရမယ့် အနေထားဖြစ်နေပြီ၊ ကျွန်တော်တို့ကလည်း အရင်ထဲက ဒီအလုပ်ပဲ လုပ်ကိုင်လာခဲ့တာဆိုတော့ အခြားလုပ်ငန်း ပြောင်းလုပ်ဖို့ခက်ခဲ နေတယ်”ဟု ကျောင်းကုန်းမြို့နယ်ရှိ အသက် ၅၀ အရွယ် အုတ်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ဧရာဝတီတိုင်းမ်သို့ ပြောသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဘိလပ်မြေ၊ သံ၊ကျောက်စရစ် အစရှိသည့် ဈေးနှုန်းများ တက်လာသဖြင့် အများစုသည် အဆောက်ဦးများ ဆောက်လုပ်နိုင်ခြင်း သိပ်မရှိတော့သည့်အတွက် အုတ်လုပ်ငန်းများ အရောင်းအဝယ်လုပ်သူတစ်ဦးထံမှသိရသည်။
“ကျွန်တော်က အရင်ကဆို အဆောက်အဦးတွေ ဆောက်တဲ့ ကုမ္ပဏီတွေ အခြားလုပ်ငန်းရှင်တွေအတွက် အုတ်တွေကို ဝယ်ပြီး ပြန်ပို့နေတာပါ၊ မနှစ်ကစပြီးတော့ အလုပ်အကိုင်တွေကျဆင်းလာပြီး အခုတော့ ဝယ်သူမရှိသလောက် ရှားပါးလာတယ်၊အဆောက်အဦးဆောက်လုပ်ဖို့ကလည်း သံဈေး၊ဘိလပ်မြေနဲ့ ဆက်စပ်ပစ္စည်း အားလုံးက ဈေးမတရားတက်နေတော့ အဆောက်ဦးဆောက်ကြတဲ့ လုပ်ငန်းရှင် မရှိသလောက်နီးပါး ဖြစ်လာကြတယ်”ဟု ဟင်္သါတမြို့နယ် အုတ်လုပ်ငန်း အရောင်းဝယ်ကုန်သည်တစ်ဦးက ဧရာဝတီတိုင်းမ်သို့ပြောသည်။
အုတ်များတွင် စက်အုတ်၊ လက်အုတ် ဟူ၍ကွဲပြားကာ လက်အုတ်သည် တစ်ချပ်လျှင် ၁၅၀ ဝန်းကျင်ရှိပြီး စက်အုတ်သည် တစ်ချပ်လျှင် ၂၀၀ ကျော်ဝန်းကျင်ရှိကာ စက်အုတ်သည် ၄ ပေါက်မှစ၍ အပေါက်ရေပေါ်မူတည်ပြီး ဈေးကွာခြားမှုရှိကြောင်း အုတ်လုပ်ငန်း လုပ်ကိုင်သူများထံမှသိရသည်။
#ဧရာဝတီ #အုတ်ရောင်းဝယ်ရေး #ကျဆင်း #အုတ်လုပ်ငန်း #ရပ်နား
#Ayeyarwaddy_Times