ဧရာဝတီတိုင်းမ်
(ရေး)၊ ဖေဖော်ဝါရီလ ၁၈ ရက်

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဘေးကလွဲရွာတွင် ယမန်နေ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နံနက်ပိုင်း၌ အမျိုးသားတစ်ဦးမြေမြှုပ်မိုင်းနင်းမိခဲ့ပြီး ၂လ အတွင်း မိုင်းထိသူဦးရေ ၄ ဦးအထိရှိလာပြီးဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ဘေးကလွဲကျေးရွာ၊ ကြိုးတံတားချောင်းအနီးတွင် အသက် ၆၀ ဝန်းကျင်ရှိ နိုင်ညွန့်ဝေဆိုသူအမျိုးသားမှာ ၎င်းပိုင်ဆိုင်သည့်ခြံမှ အပြင်သို့ဈေးထွက်ဝယ်စဉ် မိုင်းနင်းမိခဲ့ပြီး ခြေထောက်ပြတ်ရှဒဏ်ရာဖြင့် မော်လမြိုင်ဆေးရုံကြီး သို့ပို့ဆောင်ခဲ့ကြောင်း သိရသည်။

” အခုဆိုရင် ၄ ယောက်မြောက်ရှိပြီ။ ပထမဆုံးတယောက်က ဆိုင်ကယ်နဲ့ နင်းမိတာ လူတော့ဘာမှမဖြစ်သွားဘူး။ ဒုတိယတယောက်က ခြေတဖက်ပြတ်သွားတယ်၊ တတိယတယောက်က ဆိုင်ကယ်နဲ့ အစထိမိတယ်။ အခုတယောက်က ခြေထောက်ပြတ်သွားတယ်” ဟု အသက် ၂၀ ဝန်းကျင်‌ ရေးဒေသခံအမျိုးသားတစ်ဦးမှ ဧရာဝတီတိုင်းမ်ကို ပြောသည်။

မိုင်းနင်းမိသည့် ဖြစ်စဉ်များဖြစ်ပွားရာ‌ နေရာမှာစစ်ကောင်စီမှ စခန်းချထားသည့် ဘေးကလွဲရွာ၊ ကြိုးတံတားစခန်းအနီးတွင်ဖြစ်ပြီး မကြာခဏတိုက်ခိုက်ခံရမှုကြောင့် စခန်းအနီးဝန်းကျင်တွင် မိုင်းများထောင်ထားခြင်းဖြစ်ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။

” ခုထိတာတွေက ပြည်သူတွေကြီးပဲ၊ ခြံထဲမှာ‌ေတွပါထောင်ထားတာတွေ။ အဲ့ဒီစခန်းက ခန ခနပစ်ခံရတော့၊ ကျွန်တော်တို့လာပစ်မှာကြောက်လို့။ အဲ့ဒီစခန်းက စစ်ကောင်စီနဲ့ BGF ပေါင်းထားတဲ့စခန်း။ ပြည်သူတွေကလာတိုင်တာမျိုးတွေရှိတယ်။ လက်နက်ခဲယမ်း လိုအပ်ချက်တွေရှိသေးလို့၊ ကျွန်တော်တို့လဲ အပြတ်ဆော်ချင်နေပြီ ဒီအဖွဲ့ကို” ဟု YGFအဖွဲ့မှ ဗိုလ်ကျန်ရစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဘေးကလွဲရွာရှိ ဥယျာဉ်ခြံများအတွင်းမိုင်းထောင်ထားမှုများကြောင့် မိုင်းထိသူဦးရေ ၄ ဦးအထိရှိလာခဲ့ပြီး ဒေသခံများမှာ ခြံများအတွင်း သွားလာရန်ကြောက်ရွံ့လျက်ရှိနေကြောင်း သိရသည်။