ဧရာ၀တီတိုင်းမ်
ဖေဖော်ဝါရီလ ၁၈ ရက်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တောင်ပိုင်း၊ ထန်းကုန်းတိုက်နယ်၊ ကိုင်းရိုးရွာအနီးရှိ စစ်ရှောင်ပြည်သူ ၂ ဦးကို ယမန်နေ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က စစ်ကောင်စီတပ်နှင့်ပျူစောထီးအဖွဲ့ များမှ အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း (၃၆၈)နှင့် ပျူစောထီးများသည် ကိုင်းရိုးရွာအနီးရှိ တောထဲတွင် စစ်ရှောင်နေသည့် အသက် ၂၂ နှစ်နှင့် ၃၂ နှစ်အရွယ်ရှိ အမျိုးသား ၂ ဦးကို ၎င်းတို့စီးလာသည့် ဆိုင်ကယ်နှင့်အတူ ဖမ်းဆီး၍ အရှင်လတ်လတ် ထွန်စက်ပေါ်တင်၍ မီးရှို့သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

“မီးရှို့သတ်သွားတာ မြင်ရက်စရာတောင်မရှိဘူး။ သတ်ခံရတဲ့သူတွေက စစ်ရှောင်တွေပါ။ နေရပ်ကိုတော့ မသိရသေးဘူး။ စုံစမ်းနေတုန်းပဲ”ဟု ဒေသခံအမျိုးသားတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကို ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲပေါင်း အင်အား ၁၂၀ ခန့်ပါစစ်ကြောင်းသည် ဖေဖော်ဝါရီ ၁၆ ရက်နေ့ကလည်း ကန့်ဘလူနယ်ရှိ အင်းလယ်ကြီးရွာမှ အသက်မပြည့်သေးသည့် ၁၅ နှစ်အရွယ် လူငယ်တစ်ဦးနှင့် အသက် ၂၀ အရွယ်အမျိုး သမီးတို့ကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်သည် ၄ ရက်ကြာစစ်ကြောင်းထိုး၍ ရွာများသို့ ၀င်ရောက်လာခြင်းကြောင့် ထန်းကုန်းတိုက် နယ်နှင့်နှင့် ဇီးကုန်းတိုက်နယ်ရှိ အင်းလယ်ကြီး၊ သရက်တော၊ အဂ်ါထောင့်၊ ကိုင်းရိုး၊ မဲသည်၊ ပေလည်၊ ဆူးပုတ်ကုန်း၊ ညောင်ပင်ရွာမ၊ ရွာသစ်၊ ဉာဏ်အင်း၊ ထိန်တော၊ သပြေသာ၊ ဗိုလ်ကုန်း၊ ရှမ်းတပ်၊ ဆူးတပ်၊ မန်းကျည်းကုန်း၊ ဆင်နင်းနှင့် ဖုတ်ကုန်းရွာများဖြစ်သည့် ရွာ ၁၈ ရွာမှ ပြည်သူ ၂၀၀၀၀ ကျော် နေရပ်စွန့်ခွာစစ်ရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

၎င်း ခြေမြန်တပ်ရင်း (၃၆၈) နှင့် ပျူစောထီးတို့အဖွဲ့ သည် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ကလည်း ကျွန်းလှနှင့် ကြာတကန်ရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် ကန့်ဘလူမြို့နယ်ရှိ အင်ကြင်းစု၌ ညအိပ်၀င်ရောက်ပြီး အင်းလယ်ကြီးရွာသို့ စစ်ကြောင်းထိုး၀င်ရောက်ကာ လူငယ်တစ်ဦးနှင့် အမျိုးသမီးငယ်တစ်ဦးတို့ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရှိရသည်။