dav

ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၈ ရက်

ဧရာဝတီတိုင်း၊ မအူပင်မြို့ကနေ ရန်ကုန်မြို့ကို သွားလာဖို့အတွက် ခရီးသည်တင် လိုင်းကားတွေဟာ အာဏာသိမ်းကာလ ၂ ကျော်အကြာမှာ ကားလက်မှတ် ၁ စောင်ကို ငွေ ၅၀၀၀ ကျပ်ထိမြင့်တက်လာတယ်လို့ သိရပါတယ်။

အာဏာမသိမ်းခင်က မအူပင်ကနေ ရန်ကုန် သွားလာဖို့အတွက်ဆိုရင် ခရီးသည်တင်ကားအကြီး လက်မှတ်ခ ၁၀၀၀ ကျပ်နဲ့ ခရီးသည်တင်ကားအသေး လက်မှတ်ခ ၂၅၀၀ ကျပ်ကနေ အာဏာသိမ်း ကာလ ၂ နှစ်ကျော်အကြာမှာ ကားအကြီး လက်မှတ်ခ ၅၀၀ဝ နဲ့ ကားအသေး လက်မှတ်ခ ၇၀၀၀ ထိမြင့်တက်လာတာကြောင့် ခရီးသွားလာဖို့ အခက်ကြုံလာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

” အရင်ကဆို ၁၀၀၀၊ ၂၅၀၀ ပဲပေးရတယ်၊ ခုက ၅၀၀၀၊ ၇၀၀၀ ဖြစ်သွားပြီ၊ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဈေးတွေက အဆမတန်မြင့်လာတာ ၊ အကြောင်းရှိရင်တောင် ခရီးသွားလာဖို့မလွယ်တော့ဘူး”လို့ အသက် ၃၀ အရွယ် မအူပင်မြို့ခံ အမျိုးသမီး တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကုန်ဈေးနှုန်း အတမတန်မြင့်တက်လာချိန်မှာ ခရီးသွားလာဖို့အတွက် စီးရတဲ့ ကားတွေမှာလည်း ဈေးမြင့်တက်လာတာကြောင့် အကြောင်းတစ်ခုခုကြောင့် မဖြစ်မနေ ခရီးသွားဖို့တောင် မလွယ်ကူတော့ဘူးလို့ ဆိုပါတယ်။

ခရီးသွားယာဥ်လိုင်းပြေးဆွဲတဲ့ ပိုင်ရှင်အများစုကတော့ ဆီစျေးမြင့်တက်လာလို့ ကားလက်မှတ်ခ စျေးပါမြင့်တက်ရတာဖြစ်တယ်လို့ အကြောင်းပြလေ့ ရှိပြီး ခရီးလမ်းတစ်လျှောက်မှာ စစ်ကောင်စီတပ်သားတွေကို လမ်းကြေးပေးနေရတာကြောင့် ခုလို လက်မှတ်စျေးတွေမြင့်တက်သွားတာလို့ ဆိုပါတယ်။