ဧရာ၀တီတိုင်းမ်
ဖေဖောဝါရီလ ၁၈ ရက်

ယနေ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့သည် မြန်မာ-ရုရှား သံတမန် ဆက်ဆံရေး (၇၅) နှစ်မြောက်ဖြစ်သည့်အတွက် ရုရှားသမ္မတပူတင်နှင့် စစ်ခေါင်းဆောင်မင်းအောင်လှိုင်တို့ အပြန်အလှန် သဝဏ်လွှာပေးပို့ခဲ့ကြသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရုရှားသမ္မတပူတင်ထံ ပေးပို့သော သ၀ဏ်လွှာ၌ နိုင်ငံတကာ အခင်းအကျင်းတွင် ပြောင်းလဲမှုများရှိသော်လည်း မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့၏ ချစ်ကြည်ရင်းနှီးမှုနှင့် မိတ်ဖက်ဆောင်ရွက်မှုသည် ဆက်လက် နွေးထွေး နီးကပ်နေကြဆဲပင်ဖြစ်သည်ဟု ဆိုသည်။

ထို့ပြင် ၎င်းအနေဖြင့် ရုရှားနိုင်ငံကို အရေးကြီးပြီး ယုံကြည်အားထားရသည့် မိတ်ဖက်နိုင်ငံအဖြစ် အစဉ်မှတ်ယူထားသည်။ နိုင်ငံတကာမျက်နှာစာ အထူးသဖြင့် မြန်မာနိုင်ငံ၏ ခက်ခဲသော ကာလများတွင် ရုရှားနိုင်ငံ၏ အစဉ်တစိုက် ထောက်ခံပေးမှု အပေါ် မြင့်မားစွာ တန်ဖိုးထား ကျေးဇူးတင်ရှိသည်ဟု ဆိုထားသည်။

ယခု ၂၀၂၃ခုနှစ်သည် နှစ်နိုင်ငံဆက်ဆံရေးနှင့် နှစ်ဖက်အကျိုး ဖြစ်ထွန်း စေမည့် ပူးပေါင်းဆောင်ရွက်မှုများကို ပြန်လည်သုံးသပ်၍ အားသစ်လောင်း နိုင်မည့် အချိန်အခါ တစ်ခုဖြစ်သည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေဖြင့် ရုရှားအစိုးရနှင့် ပိုမိုနီးကပ်စွာ လက်တွဲလုပ်ဆောင်သွားမည်ဆိုသည့် ကတိကဝတ်ကို ထပ်လောင်းအတည်ပြုသည်ဟု သဝဏ်လွှာတွင် ဖော်ပြထားသည်။

ရုရှားသမ္မတ ပူတင်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ထံ ပြန်လည်ပေးပို့သည့် သဝဏ်လွှာတွင် ရုရှား-မြန်မာဆက်ဆံရေးသည် ချစ်ကြည်ရင်းနှီးမှု၊ မိတ်ဖက်ပူးပေါင်း ဆောင်ရွက်မှု၊ အပြန်အလှန်လေးစားမှု ၊ တစ်ဖက်နှင့်တစ်ဖက် အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားမှု “မူ” များပေါ်တွင် အခြေခံသည်ကို အလေးအနက်ပြော ကြားလိုသည်ဟု ဆိုသည်။