ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၈ ရက်
ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ စစ်ကောင်စီက စစ်အာဏာရှင်ဆန့်ကျင်ရေး အကြမ်းမဖက်လှုပ်ရှားမှု CDM မှာ ပါဝင်ခဲ့ဝန်ထမ်းတွေကို တစ်ပတ်အတွင်း ဖမ်းဆီးဖို့အတွက် စောင့်ကြည့်ခိုင်းထားတယ်လို့ စစ်ကောင်စီတပ်အသိုင်းဝိုင်းက သိရပါတယ်။
အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး CDM ပြုလုပ်ခဲ့တဲ့ ဝန်ထမ်းအရေအတွက်ဟာ မအူပင်မြို့မှာ ၅၀၀ ကျော်ရှိပြီး အများစုကတော့ မအူပင်မြို့မှာ မရှိတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
” CDM အများစုကတော့ မြို့ပေါ်မှာမရှိတော့ဘူး၊ ရှိတဲ့သူတွေကိုလည်း တပ်နဲ့ရဲက ဖမ်းလိုက် ငွေတောင်းပြီး ပြန်လွှတ်လိုက်နဲ့ လုပ်နေတာ၊ ခုလည်း စားကွက် ထွင်နေတာထင်တယ်”လို့ CDM ကျန်းမာရေး ဝန်းထမ်း အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ခုလိုမျိုး စစ်ကောင်စီတပ်က CDM ဝန်ထမ်းတွေကို ဖမ်းဆီးဖို့ စောင့်ကြည့်ခိုင်းထားတယ်ဆိုတဲ့သတင်းကြောင့် CDM ဝန်ထမ်းတွေအနေနဲ့လည်း မိမိနေထိုင်ရာနေရာကနေ လုံခြုံမယ့်နေရာကို ရှောင်တိမ်းနေသင့်တယ်လို့ ဆိုပါတယ်။
မအူပင်မြို့မှာ CDM ပြုလုပ်ထားတဲ့ ဝန်ထမ်း ၅၀၀ ကျော်ထဲမှာ မြို့မှာ ဆက်လက်နေထိုင်နေတဲ့ CDM ဝန်ထမ်းတချို့ကိုလည်း စစ်ကောင်စီတပ်နဲ့ ရဲက အာဏာသိမ်းကာလ ၁ နှစ်ကျော်အကြာမှာ ဖမ်းဆီးပြီး ငွေ ၁၀ သိန်းကနေ သိန်း ၅၀ ကြားတောင်းယူပြီး ပြန်လွှတ်ပေးတာတွေပြုလုပ်ခဲ့သေးတယ်လို့ သိရပါတယ်။