ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၈ ရက်

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ် ပုသိမ်-မုံရွာ လမ်းတွင် စစ်ကောင်စီတပ်ကို ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း (၇၁၂) က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်အရာရှိအပါအဝင် အယောက်၂၀ခန့် သေဆုံးပြီး ကာကွယ်ရေးရဲဘော် တစ်ဦး ကျဆုံးခဲ့ ကြောင်းသိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၄ ရက်နေ့ မွန်းလွဲ ၂နာရီခန့်က အင်အား ၄၀ ခန့်ရှိသည့် စစ်ကောင်စီတပ်သည် ကန်စွန်းရွာ အနီးရှိ ရွာတစ်ရွာကို စစ်ကြောင်းထိုးပြီး အပြန်တွင် ကာကွယ်ရေးအဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တပ်ရင်း(၇၁၂) တပ်ပြည်သူ့ စွမ်းအား တပ်ပေါင်းစု PPC အဖွဲ့ထံက သိရသည်။

“သူတို့က ပုသိမ်-မုံရွာလမ်းနားမှာရှိတဲ့ ရွာတစ်ရွာကို စစ်ကြောင်းဝင်ပြီးအပြန် ကျွန်တော်တို့အဖွဲ့က တိုက်ခိုက်တာပါ။ သူတို့ဘက်က စစ်ဗိုလ်အပါဝင် ၂၀ လောက်သေပြီး ဒဏ်ရာလည်း အများအပြား ရသွားကြတယ်။ သူတို့ဘက်က စစ်ကူလာလို့ ကျွန်တော်တို့ ပြန်ဆုတ်လာခဲ့တယ်။ ကျွန်တော်တို့ဘက်က တပ်စိပ်မှူးတစ်ဦး ကျသွားတယ်” ဟု တပ်ရင်း (၇၁၂) ပြည်သူ့စွမ်းအားတပ်ပေါင်းစု PPC အဖွဲ့၏ပြန်ကြားရေးတာဝန်ခံ က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီတပ်နှင့် နှစ်ဖက် တိုက်ပွဲဖြစ်ပွားချိန် ၁ နာရီနီးပါး ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်မှ စစ်ကူရောက်လာ၍ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွာခဲ့ကြောင်းသိရသည်။

“PDF နဲ့ ပြည်သူဆိုတာက သားနဲ့အမိ (မိဘနဲ့သားသမီး)ပါပဲ။ ကျွန်တော်တို့ မိဘတွေဖြစ်တဲ့ ပြည်သူတွေကလည်း သားသမီးတွေဖြစ်တဲ့ကျွန်တော်တို့ကို ကူညီပါ။ သတင်းတွေပေးကြပါ။ ကျွန်တော်တို့သားသမီးတွေဘက်ကလည်း မိဘတွေကို ကိုယ်စိတ်လုံခြုံဖို့အစွမ်းကုန်ကာကွယ်စောင့်ရှောက်သွားပါမယ်။ အစစ အရာရာ ဂရုစိုက်ပြီး တော်‌လှန်အောင်ပွဲကို စောင့်ကြိုနေပါ” ဟု PPC အဖွဲ့၏ပြန်ကြားရေးတာဝန်ခံ က ဆက်လက်ပြောကြားသည်။

စစ်ကောင်စီတပ်များသည် ဖေဖော်ဝါရီ ၁၃ရက်နေ့က စတင်၍ ပခုက္ကူမြို့နှင့် ဆိပ်ဖြူမြို့ နယ်များရှိ ကျေးရွာ ၂၀ နီးပါးကို လက်နက်ကြီးဖြစ် ပစ်ခတ်ကာ ကျေးရွာအတွင်းရှိ ပစ္စည်းများကို ခိုးယူလျှက်ရှိပြီး ဒေသခံပြည်သူများ သောင်းနှင့်ချီ၍ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။