ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၈ ရက်
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့ပေါ်ရှိ ပျူစောထီးများနေသည့် နေအိမ်တစ်အိမ်ကို ယမန့်နေ့ ဖေဖော်ဝါရီ ၁၆ ရက်၊ နေ့လယ် ၁၁ နာရီ ၃၀ မိနစ်ခန့်က ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ကြောင်း People’s Army To Fight Dictatorship(PAFD)အဖွဲ့ ထံက သိရသည်။
အဆိုပါ ပျူစောထီး နေအိမ်ကို PDF ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်စီနင်းခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ပျူစောထီးများနှင့် မိနစ် ၂၀ ခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပျူစောထီး ၂ ဦး သေဆုံးကြောင်း သိရသည်။
“ကျွန်တော်တို့ ဝက်လက်မြို့ ရပ်ကွက်ထဲမှာရှိတဲ့ ပျူအိမ်ကို ဝင်စီးတာပါ။ သူ(ပျူ)က သတင်းရထားတော့ ထွက်ပြေးတယ်။ ကျွန်တော်တို့လည်း သူ့အိမ်ထဲက ပစ္စည်းတွေ ရှာပြီးသိမ်းတယ်ပေါ့။ ပြန်ထွက်လာတဲ့ အချိန်မှာ သူ(ပျူ)က စစ်ခွေးတွေ၊ ရဲခွေးတွေနဲ့ ပေါင်းပြီး ကျွန်တော်တို့ကို ပြန်တိုက်တယ်။ တိုက်ပွဲဖြစ်ကြတာ မိနစ် ၂၀ လောက်ကြာတယ်။ သူတို့ဘက်က ၂ ကောင် သေတယ်” ဟု PAFD အဖွဲ့ တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့ပြင် ယင်းနေအိမ်ရှိ ပျူစောထီးများ ပိုင်ဆိုင်သော ပစ္စည်းအချို့ကို PDF ပူးပေါင်း တပ်ဖွဲ့က သိမ်းဆည်းနိုင်ခဲ့ပြီး အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါစစ်ဆင်ရေးကို PAFD နှင့် PAFD တပ်ခွဲမှူး ဗိုလ်လှိုင်ဘွား၊ တပ်စိပ်(၁) ပျံလွှားအဖွဲ့၊ တပ်စိပ်(၂) ခွပ်ဒေါင်းအဖွဲ့၊ တပ်စိပ်(၃) ဇာမဏီအဖွဲ့၊ တပ်စိပ်(၄) ငရဲမီးအဖွဲ့နှင့် PAFD တပ်ခွဲ DKPDF-MMU မြင်းဖြူရှင်ပျောက်ကြားတပ်ဖွဲ့ စသည့်မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။