ဧရာဝတီတိုင်းမ်
(တနင်္သာရီ)၊ ဖေဖော်ဝါရီလ ၁၇ ရက်

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်တွင် စစ်အုပ်ချုပ်ရေးကြေညာထားသည့် ဖေဖော်ဝါရီလ ၂ ရက်နေ့ နောက်ပိုင်းမှစတင်၍ စစ်လက်နက်နှင့် လူအင်အားဖြည့်တင်းမှုများကို စစ်ကောင်စီမှ ဆက်တိုက် ပြုလုပ်လျှက်ရှိကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များထံက သိရသည်။

စစ်ကောင်စီသည် တနင်္သာရီမြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်းများကို စစ်အင်အားနှင့် လက်နက်ခဲယမ်းများ အဓိကထား၍ အင်အားဖြည့်လျက်ရှိပြီး လက်နက်ကြီးများကိုလည်း မြို့ပေါ်ရှိ နေရာ‌အများပြားတွင် တပ်ဆင်ထားကြောင်း သိရသည်။

“မာရှယ်လောထုတ်ပြီးနောက်ပိုင်း စစ်ရေးလှုပ်ရှားမှုတွေရှိလာတယ်။ အဓိကက‌တော့ တနင်္သာရီမြို့ပေါ်မှာ အင်အားဖြည့်နေတာ။ မြို့ပေါ်တော်တော်များများမှာ လက်နက်ကြီးတွေ တပ်ဆင်ထားတယ်။ သူတို့မြို့ပေါ်မှာစခန်းချထားတာက အဓိကတောင်တွေ၊ ဘုရားကုန်း တွေမှာ တပ်စွဲထားတာ။ ရှေ့လတိုက်ပွဲတုန်းက ဒရုန်းနဲ့တိုက်ခိုက်ခံရတဲ့ မြို့ပေါ်စခန်းတွေမှာ တယ်လီဖုန်းလှိုင်းနှောက်စက် (Jammer) တွေလဲ တပ်ဆင်လိုက်ပြီဆိုတာသိရတယ်” ဟု ဘက်မလိုက် ပြောက်ကျား အဖွဲ့တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီမှ စစ်အင်အားဖြည့်တင်းရာတွင် အဓိကအားဖြင့် ရေကြောင်း အသုံးပြု၍ လှုပ်ရှားသွားလာမှုများရှိနေပြီး ဖေဖော်ဝါရီလ ၇ ရက်နေ့ကလည်း အမြောက်တပ် အမတ(၃၀၆)တပ်သို့ လက်နက်ကြီးကျည်များ လာရောက်ဖြည့်တင်းခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးထံက သိရသည်။

“လူအင်အားကတော့ အတိအကျမသိရဘူး။ မာရှယ်လောထုတ်ပြီးနောက်တော့ ဗောဓိကမ်းတံတားစခန်းကို စစ်အင်အား ၃၀၊ ၄၀ ဝန်းကျင်ထပ်ဖြည့်ထားတယ် ဆိုတာတော့သိရတယ်။ ဒီနေ့ဖေဖော်ဝါရီလ ၁၇ ရက်နေ့တိုက်ပွဲဖြစ်ပြီးတော့လည်း အဲ့ဒီစခန်းကိုကား ၂ စီးနဲ့ အင်အား ၅၀လောက်ထပ်လာဖြည့်ထားတယ်။ အင်အား ၁၀၀ လောက်နဲ့ ဘန်လောရွာဘက်ကို စစ်ကြောင်းထိုးမယ်ဆိုပြီးတော့ သတင်းရတယ်” ဟု တနင်္သာရီမဟာမိတ်တပ်ပေါင်းစုအဖွဲ့တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီတပ်သည် မာရှယ်လောထုတ်ပြီးနောက်ပိုင်း ၎င်းတို့၏ တပ်ရင်းများမှနေ၍ လက်နက်ကြီး များဖြင့် ရမ်းသန်းပစ်ခတ်မှုများ ရှိခဲ့သည်။ စစ်ကောင်စီတပ်များ၏ အကြောင်းမဲ့ ပစ်ခတ်မှုကြောင့် မရင်းကြီးရွာရှိ နေအိမ်တစ်လုံးထိမှန်ပျက်စီးခဲ့ပြီး ရွာသားတစ်ဦး လက်နက်ကြီးကျည် ထိမှန်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ယနေ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့က တနင်္သာရီမြို့နယ်နှင့် မြိတ်မြို့နယ်စပ်ရှိ တုံးဗျောရွာ စစ်‌ကောင်စီကင်းစခန်းကို တနင်္သာရီ မဟာမိတ်တပ်ပေါင်းစုများ ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား တစ်ဦး သေဆုံးခဲ့သည်။ စစ်ကောင်စီတပ်များသည် ထိုသို့ တိုက်ခိုက်ခံရခြင်းကြောင့် တနင်္သာရီမြို့နယ်တွင် စစ်ကြောင်းထိုးရန် ပြင်ဆင်လျှက်ရှိကြောင်း သိရသည်။