ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၇ ရက်

မန္တလေးတိုင်း၊ ကျောက်ဆည်နှင့်စဉ့်ကိုင်မြို့နယ်ကြား(ပေါ်တော်မူ ဘုရားအနီး)၌ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ မနက် ၁၁ နာရီခန့်တွင် စစ်ကောင်စီတပ်၏ ဆီသယ်လာသည့် ယာဥ် ၁၆ စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၁ ဦး သေဆုံး ခဲ့ကြောင်း သတင်းရရှိသည်။

မိတ္ထီလာ ထောက်ပို့တပ်မှ မန္တလေးသို့ တင်ပို့လာသည့် စစ်ကောင်စီတပ်၏ ဆီဘောက်ဆာကားကို ကာကွယ်ရေး ပူးပေါင်းအဖွဲ့များမှ မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ တစ်ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိကြောင်း အောင်စည်တော်စစ်ဆင်ရေးအဖွဲ့ထံမှ သိရသည်။

” သူတို့ကားက ၁၆ စီးလာတာဗျ၊ အဲ့တာကို ကျွန်တော်တို့ ပူးပေါင်းအဖွဲ့က မိုင်းနဲ့တိုက်ခိုက်တာ၂ စီးထိသွားတယ်၊ စစ်ကောင်စီဘက်က ၁ဦးသေဆုံးပြီး အများပြားဒဏ်ရာ ရရှိတယ်လို့ သိရတယ်” ဟုအောင်စည်တော်စစ်ဆင်ရေးအဖွဲ့၏ ပြန်ကြားရေးတာဝန်ခံမှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။

စစ်ကောင်စီတပ်၏ ဆီသယ်ယာဥ်တန်းအား တိုက်ခိုက်မှုအပြီး စစ်ကောင်စီဘက်က လမ်းတွေ အကုန်ပိတ်လိုက်သဖြင့် တော်လှန်ရေးတပ်ဖွဲ့များ မနည်းကြိုးစားပြီး လွတ်မြောက်အောင် ပြန်ထွက်ခဲ့ရကြောင်း ၎င်းမှဆက်လက်ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုတွင် အောင်စည်တော်အဖွဲ့နှင့်အတူ ကျောက်ဆည်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ မန်းခရိုင်တပ်ရင်းအမှတ်(၅)၊ Myitnge People Defence တပ်ရင်းတို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အောင်စည်တော်အဖွဲ့ထံမှ သိရသည်။