ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၇ ရက်

ရခိုင်ပြည်နယ်အတွင်း ဇာတ်သဘင်များ ကပြဖျော်ဖြေခြင်းကို ရက္ခိုင့်တပ်တော်AA မှ တစ်လပိတ်ပင်လိုက်သောကြောင်း သဘင်လောကက်ိုမှီခိုနေသူများမှာ အခက်အခဲဖြစ်နေရသည်ဟု သိရသည်။

ရခိုင်ပြည်နယ်၏ ပညာရေးတိုးတက်မြင့်မားရေးကို အဓိကဦးစားပေးဆောင်ရွက်ရမည်ဖြစ်သောကြောင့် ကလေးသူငယ်များစာမေးပွဲစစ်ဆေးနေသည့်အချိန်များတွင် ဆူပူမှုမရှိစေရန်တွက် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်နေ့မှစ၍ တက္ကသိုလ်ဝင်တန်းစာမေးပွဲပြီးဆုံးသည့် မတ်လ ၁၈ ရက်နေ့အထိ ရပ်နားထားရန် ရက္ခိုင့်တပ်တော်AA ကပိတ်ပင်လိုက်သည်ဟု ရခိုင်ပြည်နယ်၊ ဇာတ်သဘင်အစည်းအရုံးတာဝန်ရှိသူမှ ပြောသည်။

” ကျွန်တော်တို့မှာ ဇာတ်ကမယ်ဆိုရင် နီးစပ်ရာ AA နယ်မြေရုံးတွေမှာ ပါမစ်တင်ရပါတယ်။ ဒီတခေါက်ပါမစ်သွားတင်တော့ နယ်မြေမှူးတွေက မူလတန်းနဲ့အလယ်တန်းတွေလည်း စာမေးပွဲစစစ်နေကြပြီဆိုတော့ အနှောင့်အယှက်မဖြစ်ရအောင် မတ်လအထိ ခွင့်မပြုဘူးလို့ပြောတယ်။ ဆယ်တန်းစာမေးပွဲဖြေပြီးမှပဲ ဆက်ကရမယ်လို့ပြောပါတယ်” ဟု ရခိုင်ပြည်နယ်၊ ဇာတ်သဘင်အစည်းအရုံးဥက္ကဌ ဦးထွန်းအေးက ဧရာဝတီတိုင်းမ်သို့ပြောသည်။

ထိုသို့ ဇာတ်သဘင်များ ကပြဖျော်ဖြေခွင့်ကို ပိတ်ပင်ခံလိုက်ရသည့်အတွက် ကပြဖျော်ဖြေရန် လက်ခံထားသည့် ပွဲများကိုဖျက်သိမ်းလိုက်ရပြီး ဆုံးရှုံးနစ်နာမှုများရှိနေသည်ဟု ဇာတ်ပိုင်ရှင်များကပြောဆိုသည်။

” ပွဲ ၆ ပွဲလောက်လက်ခံထားတာဆိုတော့ လိုအပ်တာတွေကိုအကုန်ပြင်ဆင်ထားရတာပေါ့။အခု မကရဘဲ ရပ်နားရတော့မယ်ဆိုရင် ဇာတ်အဖွဲ့ဝင် လူပေါင်း ၇၀ ကျော်ကို တလကျော်အထိ ထမင်းကျွေးထားရမယ်။ပြီးတော့ ဇာတ်မော်တော်ဘုတ်ဆိုလည်း လကြေးပေးပြီးငှါးထားရတာဖြစ်တဲ့အတွက် ပွဲကရသည်ဖြစ်စေ၊မကရသည်ဖြစ်စေ ပေးရမယ်။ဇာတ်အဖွဲ့ဝင်ကတော ညကြေးနဲ့ပဲခန့်ထားတာမို့ ကံကောင်းသွားတယ်၊ မကရရင် ပေးစရာမလိုဘူးပေါ့။လစာနဲ့သာခန့်ထားမယ်ဆိုရင် ကျနော်မလွယ်ဘူး” ဟု ဟိန်းရတနာဇာတ်ပိုင်ရှင် ဦးကျော်ကျော်ဝင်းမှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။

ရခိုင်တွင် ဟိန်းရတနာအောင်၊ ရွှေရတနာစံ၊ အာရကန်မိုးချစ်၊ရတနာလင်း၊အာရက္ခမဏ္ဍိုင်၊ရတနာရွှေနန်း၊ စိန်ရွှေရတနာ၊ ရတနာအောင် ၊ခိုင်ဇာထွန်း၊ ရတနာရွှေစသည့် ဇာတ်သဘင်တို့အပါအဝင် အဆင့်မြင့်ဇာတ်သဘင် အဖွဲ့အစည်း (၁၀)ကျော်ရှိပြီး သဘင်လောကကိုမှီခိုနေသူမှာလည်း ထောင်နှင့်ချီ၍ ရှိသည်ဟု သဘင်အစည်းအရုံးထံမှ သိရသည်။

ထို့ကြောင့် သဘင်လောကိုမှီခိုကာ အသက်မွေး ဝမ်းကျောင်းပြုနေသူများမှာ လက်ရှိတွင် ပွဲမကရသည့်အတွက် သူတို့၏ မိသားစုစားဝတ်နေရေးများပါ အခက်အခဲဖြစ်လာနေကြောင်း စိန်ရွှေရတနာဇာတ်သဘင်အဖွဲ့မှ ကိုမိုက်ခဲက ပြောသည်။

” ညကြေးနဲ့ကရတာဆိုတော့ ကတဲ့နေ့မှရတယ်၊မကတဲ့နေ့မရဘူးလေ။ကိုယ်တယောက်တည်းအတွက်ကြည့်မယ်ဆိုရင်တော့ ဇာတ်မကရဘဲ ပွဲဖျက်သိမ်းလိုက်ရရင်လည်း ဇာတ်ပိုင်ရှင်ထမင်းကျွေးထားတော့ အဆင်ပြေတာပေါ့။ဒါပေမဲ့ ကျနော်တို့နောက်မှာ မိသားစုဆိုတာလည်း ရှိသေးတယ်။ဒီအလုပ်ကိုမှီခိုပြီး မိသားစုကိုထောက်ပံ့ပေးနေရတဲ့သူတွေဆိုရင် အခုသဘင်ကြေးမရလို့ အခက်အခဲတွေဖြစ်သွားတာပေါ့” ဟု ၄င်းကပြောသည်။

ယခုရာသီမှာ ပွဲလမ်းသဘင်အများဆုံးကျင်းပလေ့ရှိသည့် ပွင့်လင်းရာသီဖြစ်သောကြောင့် ဇာတ်သဘင်ဖျော်ဖြေခွင့်ကို တလကျော်အထိ ရပ်နားလိုက်ရန် အဆင်မပြေ၍ ရက္ခိုင့်တပ်တော်AA ထံအသနားခံစာတင်ရန် စီစဉ်နေကြောင်းလည်း ဇာတ်သဘင်အစည်းအရုံးထံမှ သိရသည်။

” ကျနော်တို့ကတော့ ဆယ်တန်းစာမေးပွဲဖြေနေတဲ့အချိန်ရပ်နားပြီး အခုကပြခွင့်ရဖို့ အသနားခံစာတင်မယ်။ဒါမှမဟုတ် စာစစ်ဌာနမရှိတဲ့ ကျေးရွာလေးတွေမှာ ကပြခွင့်ရဖို့တောင်းဆိုမယ်လို့တော့ စီစဉ်ထားပါတယ်။သဘင်လောကသားတွေရဲ့အခက်ခဲကို ငဲ့ညှာပြီး ခွင့်ပြုချက်တစ်ခုခုရအောင်တော့ တောင်းဆိုကြည့်သွားမှာပါ” ဟု သဘင်အစည်းအရုံးဥက္ကဌ ဦးထွန်းအေးက ဆက်လက်ပြောဆိုသည်။

ရခိုင်ပြည်နယ်အတွင်း ဇာတ်သဘင်များကပြဖျော်ဖြေခွင့်ကို AA က ပိတ်ပင်လိုက်သည်ဆိုသည့် ကိစ္စနှင့်ပတ်သက်၍ အတည်ပြုချက်ရရှိရန် ရက္ခိုင့်တပ်တော် (AA)၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို ဧရာဝတီတိုင်းမ်က ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၈ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ ၂၀၂၀ ၊နိုဝင်ဘာလအထိဖြစ်ပွားခဲ့သည့် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်AA တို့၏ တိုက်ပွဲကာလအတွင်းကလည်း နယ်မြေဒေသမတည်ငြိမ်မှုများကြောင့် ရခိုင်မှ ဇာတ်သဘင်များမှာ ၂ နှစ်နီးပါးကြာသည်အထိ ရပ်နားထားခဲ့ရပြီး တစ်ချို့ဇာတ်သဘင်အဖွဲ့များမှာ အခက်အခဲအမျိုးမျိုးတို့ကြောင့် ဖျက်သိမ်းလိုက်ရသည်အထိလည်းရှိခဲ့ကြောင်း သိရသည်။
#Ayeyarwaddy_Times