ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၇ ရက်
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးတွင် လစ်လပ်နေသည့် ဒုစာရင်းစစ်မှူးရာထူး ၄၄၆ နေရာအတွက် လာရောက် လျှောက်ထားကြရန် စစ်ကောင်စီမှ ထုတ်ပြန် ကြေညာထားသည်။
စာရင်းစစ်ချုပ်ရုံးတွင် CDM ပြုလုပ်သွားကြသူများနှင့် တပ်တွင်းသတင်းပေးများရှိသောကြောင့် နေရာမှ ဖယ်ရှားမှုများကြောင့် အဆိုပါ လစ်လပ်နေရာအတွက် အသစ်ခန့်ထားရန် ခေါ်ယူနေခြင်းဖြစ်ကြောင်း စစ်ကောင်စီတပ်အသိုင်းအဝိုင်းထံမှ သိရှိရသည်။
“တပ်တွင်းမှာ ပြေးတဲ့သူတွေပြေး၊ ရုံးမတက်တဲ့သူတွေ မတက်ကြတော့ နေရာတွေ လစ်လပ်နေတာများ ကြီးပဲ။ ခုဆိုလည်း စာရင်းစစ်ချုပ်ရုံးမှာ လူမရှိတော့ ခေါ်စာထုတ်ထားတယ်။ နေရာလစ်လပ်နေတာတွေက ရာချီရှိတယ်”ဟု စာရင်းစစ်ချုပ်ရုံးနှင့်နီးစပ်သူတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီမှ ဒုစာရင်းစစ်မှူးရာထူးအတွက် လစာ ၂၁၆၀၀၀ မှ ၂၂၆၀၀၀ အထိသတ်မှတ်ပေးမည်ဖြစ်ပြီး နေရာ ၄၄၆ နေရာအတွက် သတ်မှတ်အရည် အချင်းများဖြင့် လာရောက်လျှောက်ထားရန် ခေါ်စာကို ယမန်နေ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ကထုတ်ပြန်ထားပြီး မတ်လ လယ်ပိုင်းတွင်နောက်ဆုံးထားလျှောက်ထားရန် ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၈ ရက်နေ့ကလည်း နေပြည် တော်ရှိ စစ်ရုံးချုပ် လက်အောက် စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ အရာရှိချုပ်ရုံးမှ တပ်ကြပ်ကြီးစာ ရေး အမျိုးသမီး ၂ ဦးမှာ စစ်ကောင်စီ၏ အချက်အ လက်များကို ယူ၍ထွက်ပြေးမှုဖြစ်ပွားခဲ့သည်။