ဧရာဝတီတိုင်းမ်
(ချင်း)၊ ဖေဖော်ဝါရီလ ၁၇ ရက်

ချင်းပြည်ထောင် တည်ဆောက်နိုင်ရေးအတွက် အကောင်အထည်ဖော်တော့မည်ဖြစ်ကြောင်း ၇၅ နှစ်မြောက်၊ ချင်းအမျိုးသားနေ့ ထုတ်ပြန်ချက် CNF က ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

ချင်းအမျိုးသားတည်ဆောက်ရေးနှင့် ချင်းပြည်ထောင် တည်ဆောက်ရေးကို Shakeholders များနှင့်အတူ ဆက်လက်အကောင်အထည်ဖော်ဆောင်သွားမည်ဟု ၇၅ နှစ်မြောက်၊ ချင်းအမျိုးသားနေ့ ထုတ်ပြန်ချက်တွင် CNF က ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

“ CNA/CNF ဆိုတာ ချင်းပြည်နယ်ရဲ့ လက်နက်ကိုင်မိခင်အဖွဲ့အစည်းလို့လည်း ပြောလို့ရတယ်။ CNA/CNF ဆိုတာ လက်နက်အင်အားမပြည့်စုံဘဲနဲ့ အမျိုးသားရေးအတွက် နှစ် ၃၀ ကျော်တိုက်ပွဲဝင်ပြီး ပေးဆပ်လာခဲ့ပြီ။ ဒီနွေဦးတော်လှန်ရေး မတိုင်ခင်မှာ ချင်းပြည်သူလူထုတွေကလည်း တောက်ပံ့မှုအရမ်းအားနည်းတယ်လို့ မြင်တယ်။ ဒီနွေဦးတော်လှန်ရေး မတိုင်ခင်မှာ လက်နက်အင်အားပိုင်းမှာ တော်တော်အားနည်းမှုရှိတယ်။ နွေဦးတော်လှန်နောက်ပိုင်းမှာ လက်နက်အင်အားပိုင်းမှာ တော်တော်တောင့်တင်းလာပြီလို့ ပြောလို့ရတယ်´´ဟု ချင်းနိုင်ငံရေးသုံးသပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်သို့ ပြောသည်။

လက်ရှိဆင်နွှဲနေသည့် တော်လှန်ရေးစစ်ပွဲကို ချင်းအမျိုးသားတပ်ဦး၊ အချင်းအမျိုးသားတပ်မတော်အနေဖြင့် အမျိုးသားလွတ်မြောက်ရေးအောင်ပွဲအဖြစ်ခံယူကာ နိုင်ငံရေးဦးတည်ချက်၊ ယုံကြည်ချက်တူညီသော ညီနောင်လက်နက်ကိုင်မဟာမိတ်များ၊ NUG အစိုးရ၊ ဒေသာကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့်အတူ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း လည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးကို ပြည်တွင်း/ပြည်ပရှိ ချင်းအမျိုးသားတစ်ရပ်လုံးအနေဖြင့် ချင်းအမျိုးသားတပ်ဦး၊ အချင်းအမျိုးသားတပ်မတော်နှင့်အတူ လက်တွဲပူးပေါင်းကာ မိမိကျွမ်းကျင်ရာကဏ္ဍအသီးသီမှ ပူးပေါင်းပါဝင်ကြရန် အဆိုပါထုတ်ပြန်ချက်တွင် တိုက်တွန်းနှိုးဆော်ထားသည်။

စစ်ကောင်စီက ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် နိုင်ငံတော်အာဏာကို မတရားသိမ်းယူခြင်းကြောင့် ချင်းပြည်သူများအပါအဝင် တိုင်းရင်းသားပေါင်းစုံနှင့်အလွှာစုံမှ စစ်အာဏာရှင်စနစ်ကို တော်လှန်ကာ ဖက်ဒရယ်ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ထူထောင်ရန်အတွက် ရရာလက်နက်ကိုင်စွဲပြီး ခုခံတော်လှန်ခဲ့ကြောင်း၊ နွေဦးတော်လှန်ရေးသည် သွေးမြေကျခဲ့သော အာဇာနည်များ၊ ဒဏ်ရာရရဲဘော်ရဲဘက်များအားလုံးအပေါ် လေးစားဂါရဝပြုကြောင်းနှင့် လူမှုဒုက္ခပေါင်းစုံရင်ဆိုင်ကြုံတွေ့နေရသော ပြည်သူလူထုများအပေါ် လေးစားစာနာကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“သူတို့ရဲ့ထုတ်ပြန်ကြေညာချက်တွေအရရော မြေပြင်အခြေအနေအရရော CNA/CNFက ဒီတော်လှန်ရေးမှာ ခရီးတော်တော်ပေါက်နေပြီပေါ့နော်။ CNA/CNFက နွေဦးတော်လှန်ရေးအောင်မြင်ဖို့အတွက် အရေးကြီးတဲ့ ကဏ္ဍမှာ ပါဝင်နေတယ်။ ဒါကြောင့် ချင်းပြည်သူတစ်ရပ်လုံးက အဘက်ဘက်ကနေ ထောက်ပံ့မှုတွေ များများပိုပေးဖို့ လိုအပ်တယ်လို့ မြင်ပါတယ်”ဟု ချင်းနိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ဦးမှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။

၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ကျရောက်သော ၇၅ နှစ်မြောက် ချင်းအမျိုးသားနေ့သည် နယ်ချဲ့ဆန့်ကျင်ရေးနှင့်အမျိုးသားလွတ်မြောက်ရေး၊ မျိုးနွယ်စုအကြီးအကဲများ၏ မိမိနယ်မြေအလိုက် မိရိုးဖလား ကျင့်သုံးလာခဲ့သော အမွေဆက်ခံအုပ်ချုပ်ရေးစနစ်ဟောင်းမှ ချင်းလဲန်တစ်ခုလုံးကို စုစည်းကာ အမျိုးသား ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ရှိသည့် ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်သစ်ဖြင့် ကျင့်သုံးအုပ်ချုပ်ရန်ဆုံးဖြတ် ချက်ချမှတ်နိုင်ခဲ့သော သမိုင်းဝင်နေ့ထူးနေ့မြတ်ဖြစ်ကြောင်းနှင့် ချင်းအမျိုးသားနေ့ကို ချင်းလဲန်းနှင့် အနယ်နယ်အရပ်ရပ်ရှိ ချင်းအမျိုးသားပြည်သူတစ်ရပ်လုံးမှ အမျိုးသားနိုင်ငံရေးအနှစ်သာရရှိရှိ ကျင်းပနိုင်ကြပါစေကြောင်းအဆိုပါထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။