ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ ဖေဖော်ဝါရီလ ၁၇ ရက်
တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့တွင် ဖေဖော်ဝါရီ ၁၆ ရက် ညနေပိုင်းက လက်နက်ကိုင် ပြည်သူ့စစ် အဖွဲ့ဝင်တစ်ဦး ပစ်သတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။
ပစ်သတ်ခံရသူမှာ အသက် ၄၂ အရွယ်ရှိသူ ဦးအောင်ဆန်းဦး ဆိုသူဖြစ်ပြီး ညနေ ၆ နာရီခွဲခန့် အချိန်တွင် အမည်မသိ လက်နက်ကိုင် လူတစ်စုက လာရောက်ပစ်သတ်သွားခြင်း ဖြစ်သည်ဟု ဆိုသည်။
လောင်းလုံးမြို့ ဒေသခံတစ်ဦးက“သူက ပြည်သူ့စစ်ဆိုပြီး လက်နက်အားကိုးနဲ့ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူး ဆိုတဲ့ သဘောနဲ့ သူလုပ်ချင်သလို လုပ်တယ်။ သူ့ကို ကြည့်မရတဲ့သူတွေချည်းပဲ။ ပြီးတော့သူက စစ်ကောင်စီက ပေးအပ်ထားတဲ့ လုံခြုံရေး တာဝန်တွေကို ယူပြီး PDF တွေရဲ့ သတင်းကို ထောက်လှမ်းနေပြီး စစ်တပ်ကို သတင်းပေးနေတဲ့ သူလည်း ဖြစ်တယ်”ဟု ဧရာဝတီတိုင်းမ်ကို ပြောပြသည်။
ဦးအောင်ဆန်းဦးတွင် ဦးခေါင်း ကျည်ထိမှန် ဒဏ်ရာနှင့် ပါးတွင် ဖောက်ထွင်းဒဏ်ရာများ ရရှိကာ သူ၏ နေအိမ် အနောက်မှာပင် ပက်လက်အနေအထားနှင့် သေဆုံးနေခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။
မည်သည့် အဖွဲ့အစည်းက ပစ်သတ်သွားသည် ဆိုခြင်းကိုလည်း ထုတ်ပြန်ထားမှု မတွေ့ရှိရသေးပေ။
အဆိုပါ သေဆုံးသူ၏ ရုပ်အလောင်းကို ညတွင်းချင်း အရေးပေါ်ကားဖြင့် လာရောက် သယ်ဆောင်သွားကြောင်းလည်း တခြားသော ဒေသခံ တစ်ဦးထံမှ သိရသည်။