ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၇ ရက်
မကွေးတိုင်း၊ မြင်းခြံမြို့နယ်တွင် Zero ပြောက်ကျား တပ်ဖွဲ့က စခန်းသိမ်းတိုက်ပွဲများ ဆက်လက်ဖေါ်ဆောင်နိုင်ရန် “တိုက်ပွဲခေါ်သံ” Challenge အဖြစ် ပြည်သူများပါဝင်လှူဒါန်းရန် ဖိတ်ခေါ်မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။
မြင်းခြံ Zero ပြောက်ကျားတပ်ဖွဲ့အနေဖြင့် စခန်းသိမ်းတိုက်ပွဲများဖော်ဆောင်ရာတွင် လိုအပ်သည့် လက်နက်ခဲယမ်းများအတွက် ရက်ပေါင်း ၉၀ အတွင်း သိန်းတစ်ထောင်ရရှိဖို့မျှော်မှန်းထားပြီး ပြည်သူများကို ပါဝင်လှူဒါန်းပေးဖို့ ဖိတ်ခေါ်ထားခြင်းဖြစ်ကြောင်း Zero ပြောက်ကျားအဖွဲ့ထံမှ သိရသည်။
“ကျွန်တော်တို့က ရက်၂၀ အတွင်းမှာ တိုက်ပွဲ ၄ ခု လုပ်ဆောင်ထားပါတယ်၊ စခန်းသိမ်းဆိုက်ပွဲတွေမှာ ကျည်ဆံအများအပြား ကုန်ဆုံးထားတဲ့အတွက် နောက်ထပ် စခန်းသိမ်းဆိုက်ပွဲတွေ အတွက် ဆက်လက် တိုက်ပွဲဝင်နိုင်ရန် ဒီ “တိုက်ပွဲခေါ်သံ” Challenge အဖြစ် လုပ်ဆောင်ရတာပါ” ဟု Zero ပြောက်ကျားအဖွဲ့ ခေါင်းဆောင် ကိုသက်ကြီးက ဧရာဝတီတိုင်းမ်သို့ ပြောသည်။
Zero ပြောက်ကျားအဖွဲ့အနေဖြင့် ရက်၂၀ အတွင်းမှာ တိုက်ပွဲ ၄ ခုဖော်ဆောင်ခဲ့ပြီး ကျည်ဆံအများပြား အသုံးပြုခဲ့ရတာကြောင့် နောက်ထပ်စခန်းသိမ်းတိုက်ပွဲတွေအတွက် ကျည်ဆံလိုအပ်ချက်များရှိနေကြောင်း ၎င်းမှ ဆက်လက်ပြောဆိုသည်။
ပြည်သူများအနေဖြင့်လည်း အာဏာသိမ်းစစ်ကောင်စီရဲ့ နင်းပြားဘဝက လွတ်မြှောက်ဖို့ အတွက် ခုလိုမျိုး တော်လှန်ရေးအင်အားစုတွေကို တက်နိုင်သလောက် ပါဝင်ကူညီပေးကြဖို့လည်း မေတ္တာရပ်ခံထားသည်။
Zero ပြောက်ကျားတပ်ဖွဲ့အနေဖြင့် စပြီးတည်ထောင်ချိန်ကစ၍ တိုက်ပွဲပေါင်းများစွာ လုပ်ဆောင်ကာ စခန်းသိမ်းတိုက်ပွဲ ၅၀ နီးပါး တိုက်ခိုက်ခဲ့ကြောင်း Zero ပြောက်ကျားအဖွဲ့ထံမှ သိရသည်။