ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၇ ရက်
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ် – ကွတ်ခိုင်ကြားရှိ ကောင်ရာကျေးရွာ (ဒေသအခေါ် – ဖိုင်လုံယာန်)တွင် ယနေ့ ဖေဖော်ဝါရီ ၁၇ ရက်၊ နံနက် ၈ နာရီ ၅၀ မိနစ်ခန့်က စစ်ကောင်စီ၏ လက်အောက်ခံ တပ်မ (၉၉) ခြေလျင်စစ်ကြောင်းအား ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ (၆) အမှတ် (၉) တပ်ရင်းက ကြားဖြတ်တိုက်ခိုက်ခဲ့သဖြင့် လက်ရှိတွင် တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။
စစ်ကောင်စီ လက်အောက်ခံတပ်များသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၁ ရက်နေ့မှစတင်၍ KIA တပ်မဟာ (၆) ၊ တပ်ရင်း (၉) နယ်မြေအတွင်း စစ်ကြောင်းထိုးလာရာမှ ယနေ့ထိတိုင် တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း ဒေသခံ များထံက သိရသည်။
KIA တပ်မဟာ ၆ ၊ တပ်ရင်း ၉ နယ်မြေတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်နှင့်လက်အောက်ခံ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့များ အထိနာလျှက် ရှိကြောင်း KIA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီး နော်ဘူ ထံကသိရသည်။
“စစ်ကောင်စီဘက်က တော်တော်ထိထားတယ်ဆိုတဲ့ သတင်းတော့ ကြားပါတယ်။ ပြည်သူတွေ ပြောတဲ့အတိုင်း ပြောမယ်ဆိုရင်တော့ အလောင်းတွေလား၊ လူနာလားတွေ မသိဘူး။ ထုတ်သွားသယ်သွားတာ ၃၀ ကျော်ပြီလို့တော့ ပြောကြတယ်။ အဲဒါကတော့ ကြားသိပါတယ်။ စစ်ရေးအခြေအနေကတော့ တင်းမာတဲ့ အနေအထား ဖြစ်ပါတယ်” ဟု KIA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ဧရာဝတီတိုင်းမ်ကို ပြောသည်။
နှစ်ဖက် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ သေဆုံးသွားသည့် အရာရှိများကို Four Wheel ကားများ၊ Light Truck ကားများဖြင့် ပလာစတစ်အုပ်၍ ခိုးယူသယ်ဆောင်သွားပြီး ထိခိုက်သေဆုံးခဲ့သည့် စစ်ကောင်စီတပ်သားများနှင့် ၎င်းတို့၏လက်အောက်ခံ ပြည်သူ့စစ်များ၏ အလောင်းများကိုမူ ရှေ့တန်းစစ်မြေပြင်တွင် စွန့်ပစ်ထားခဲ့ကြောင်း ဒေသခံများထံက သိရသည်။
အဆိုပါ KIA တပ်ရင်း (၉)တပ်စခန်းကို ဖေဖော်ဝါရီ ၁၄ ရက်နှင့် ၁၅ ရက်တို့တွင်လည်း စစ်ကောင်စီဘက်က လေယာဉ်ဖြင့် ဗုံးကြဲခဲ့ပြီး ၎င်းလက်အောက်ခံ တပ်စခန်းက လက်နက်ကြီးပစ်ကူပေးခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်ထိ နှစ်ဖက်သေဆုံး ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေအတိအကျကို ဗိုလ်မှူးကြီး နော်ဘူအနေဖြင့် ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့သလို ဧရာဝတီတိုင်းမ် သတင်းဌာနအနေဖြင့်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။