ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၇ ရက်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် လက်ပံလှကျေးရွာကို စစ်ကောင်စီတပ်နှင့်ပျူစောထီး ပူးပေါင်းအဖွဲ့များသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ၁၃ရက်နေ့ ညနေက စတင်ကာ မီးရှို့ဖျက်ဆီးခဲ့ပြီး အသက် ၇၀ အရွယ် သီလရှင် တစ်ပါး မီးလောင် သေဆုံးခဲ့ကြောင်း သိရသည်။

အင်အား၁၀၀ခန့်ရှိသော စစ်ကောင်စီတပ်နှင့်မန်ကျည်းတုံ‌ကျေးရွာရှိ ပျူစောထီးပူးပေါင်း အဖွဲ့သည် လက်ပံလှကျေးရွာကို မီးလောင်ဗုံးများ ရေနံဆီများဖြင့် ဝင်ရောက်၍ မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း KSO အဖွဲ့ထံက သိရသည်။

“သူတို့က အဲ့ဒီရွာကို ညနေ ၃ နာရီကနေ ၅ နာရီကျော်အထိ မီးဝင်ရှို့တာဗျ။ ရှို့တဲ့အထဲမှာ အသက် ၇၀ ဝန်းကျင် သီလရှင်တစ်ပါး မီးထဲပါသွားတာပါ။ သူက အသက်ကြီးမှ သီလရှင်ဝတ်ပြီး အိမ်မှာပဲ နေတာဗျ။ ကျွန်တော်တို့က မနေ့က(ဖေဖော်ဝါရီ ၁၅ ရက်) နယ်မြေရှင်းလင်းတော့မှသိရတာ။ စစ်ကောင်စီတပ်တွေက ဘေးနားက လောင်းရှည်ရွာမှာ ရှိနေတော့ ရွာထဲကို ပြန်မဝင်သေးတာပါ”ဟု Khin U Specislforce Organizations KSOအဖွဲ့၏ပြန်ကြားရေးတာဝန်ခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီတပ်နှင့် ပျူစောထီး ပူးပေါင်းအဖွဲ့များသည် အိမ်ခြေပေါင်း၄၀၀ ဝန်းကျင်ခန့်ရှိသည့် လက်ပံလှကျေးရွာမှ အိမ်ခြေ ၂၅၀ ခန့်ကို မီးတင်ရှို့ခဲ့ကြောင်း သိရသည်။

ရေဦးမြို့နယ်မှ ခင်ဦးမြို့နယ်သို့ စစ်ကြောင်းထွက်လာသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီး ပူးပေါင်းအဖွဲ့များသည် ဖေဖော်ဝါရီ၁၁ရက်နေ့မှ ၁၅ရက်နေ့အထိ ရွာပေါင်းခုနစ်ရွာမှ အိမ်ခြေပေါင်း ၄၅၀ ဝန်းကျင်ခန့်ကို မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် လောင်းရှည်ကျေးရွာမှ ပြန်လည်ထွက်ခွာသွားကြောင်း KSOအဖွဲ့ထံက သိရသည်။