ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၆ ရက်။
မကွေးတိုင်း၊ မြောင်မြို့နယ်မှာရှိတဲ့ မရိုးကုန်းကျေးရွာကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့က စစ်ကောင်စီတပ်သားတွေက ဝင်ရောက်မီးရှို့တာတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ရွာထိပ်မှာ ကင်းပုန်းဝတ်နေတဲ့ စစ်ကောင်စီတပ်သား တွေက တော်လှန်ရေးအင်အားစုတွေနဲ့ တိုက်ပွဲဖြစ်ရာကနေ လက်နက်ကြီးတွေနဲ့ပစ်ခတ်ပြီး ရွာထဲဝင်ရောက်လာကာ နေအိမ်တွေကို မီးရှို့သွားတာကြောင့် နေအိမ် ၂၆ လုံး မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ ဇာမဏီပြောက်ကျားတပ်ဖွဲ့ဆီကနေ သိရပါတယ်။
” NUG ရဲ့ စာသင်ကျောင်းတွေရှိတယ်ဆိုပြီး ရွာကို ဝင်စီးမယ်လို့ကြားလို့ ကျွန်တော်တို့က ရွာထိပ်က သွားစောင့်တာ၊ အဲ့အချိန်မှာ ဒီကောင်တွေ ကင်းကုန်းဝပ်တာနဲ့တိုးပြီး တိုက်ပွဲစဖြစ်တာ၊ ရွာထဲကို လက်နက်ကြီးတွေပစ်ဝင်လာပြီး နေအိမ်တွေကိုပါ မီးရှို့သွားတာ”လို့ ဇာမဏီပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်ဒေဝက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
စစ်ကောင်စီတပ်တွေရဲ့ ရွာထဲဝင်မီးရှို့ခံရလို့ မီးလောင်သွားပျက်စီးသွားတဲ့ နေအိမ် ၂၆ လုံးထဲမှာ ဇာမဏီပြောက်ကျားတပ်ဖွဲ့ရဲ့ အထိုင်ရုံး ၃ ရုံးလည်းပါဝင်သွားတယ်လို့ ဆိုပါတယ်။
ကျေးရွာထဲဝင် မီးရှို့သွားတဲ့ စစ်ကောင်စီတပ်ကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ဇာမဏီပြောက်ကျားတပ်ဖွဲ့နဲ့ မဟာမိတ်တပ်တွေပေါင်းပြီး မြောင်မြို့နယ်ရဲစခန်းကို ရှော့တိုက်ဒုန်းနဲ့သွားရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က ၃ ဦး ကျဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဒါ့ပြင် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ညပိုင်းမှာ အဲ့ဒီရဲစခန်းကိုပဲ မိုင်းနဲ့ထပ်မံတိုက်ခိုက်ခဲ့ရာ ရဲ ၃ ဦးသေဆုံးခဲ့တယ်လို့ ဇာမဏီပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။
#မြောင် #မရိုးကုန်းကျေးရွာ #စစ်ကောင်စီတပ် #မီးရှို့
#Ayeyarwaddy_Times