ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၆ ရက်
တနင်္သာရီတိုင်း၊ ကော့သောင်းမြို့က ရပ်ကွက် အုပ်ချုပ်ရေးမှူး သေနတ်နဲ့ ပစ်ခတ်ခံရပြီးနောက် သန်းခေါင်စာရင်းကို ထင်ထင်ပေါ်ပေါ် ကောက်ယူမှုများ မပြုလုပ်တော့ကြောင်း ကော့သောင်းမြို့ခံများထံက သိရသည်။
စစ်ကောင်စီကျင်းပမည့် ရွေကောက်ပွဲအတွက် သန်းခေါင်စာရင်းကောက်ယူနေသည့် ကော့သောင်းမြို့၊ အေးရိပ်ငြိမ် ရပ်ကွက်မှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးယုလွင်ကို ဇန်နဝါရီလ ၂၇ ရက်နေ့မှာ ကော့သောင်းမြို့ (ပကဖ) မှ သေနတ်နဲ့ ပစ်ခတ်ခဲ့ပြီးနောက်ပိုင်း သန်းခေါင်စာရင်းကို ထင်ထင်ပေါ်ပေါ် ကောက်ယူမှုများ မပြုလုပ်တော့တာဖြစ်ကြောင်း ဒေသခံများကပြောသည်။
“အုပ်ကြီး သေနတ်နဲ့အပစ်မခံရခင် သူတို့အုပ်စုလိုက် သန်းခေါင်စာရင်းကို ပေါ်ပေါ်လွင်လွင်ကောက်ကြတယ်။ အုပ်ကြီး သေနတ်နဲ့ အပစ်ခံရပြီးနောက်တော့ ထင်ထင်ပေါ်ပေါ် ကောက်တာမတွေ့ရတော့ဘူး။ တိုးတိုးတိတ်တိတ် ရပ်ကွက်ထဲကအိမ်တွေအရောက်လာပီး မိတ္တူတွေလာယူသွားကြတယ်။ စာရွက်စာတန်းလာယူတာလဲ တစ်ယောက်ထဲပဲ။ မဲထည့်ဘို့ စာရင်းကောက်တယ်ပဲ ပြောသွားကြတယ်” လို့ ကော့သောင်းမြို့ခံ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ထို သန်းခေါင်စာရင်းကောက်ယူသည့် အေးရိပ်ငြိမ် ရပ်ကွက်မှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးယုလွင်နှင့် ဇနီးဖြစ်သူမှာလည်း သေနတ်ဒဏ်ရာကြောင့် ယနေ့အချိန်ထိ ဆေးကုသနေဆဲဖြစ်ကြောင်း ကော့သောင်းမြို့ခံများထံကသိရသည်။
ဒါ့ပြင် စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲ အတွက် ပါဝင်ပူးပေါင်းသူ မှန်သမျှကိုလည်း ကော့သောင်းမြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) အနေဖြင့် အရေးယူမှုများ ထပ်မံပြုလုပ်သွားမည်ဟု ကော့သောင်းမြို့ (ပကဖ)က ထုတ်ပြန်ထားပါသေးသည်။