ဧရာဝတီတိုင်းမ်
(ကနီ)၊ ဖေဖော်ဝါရီလ ၁၆ ရက်
စစ်ကိုင်းတိုင်း၊ ကနီမြို့ပေါ်တွင် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ည ၇ နာရီဝန်းကျင်၌ မြန်မာ့စီးပွားရေးဘဏ်အနီးရှိ သစ်စက်ဝင်းအတွင်း စစ်ကောင်စီတပ်သားအချင်းချင်းပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး တပ်သားတစ်ဦးသေဆုံးခဲ့ကာ ကျန်တစ်ဦးမှာ ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း သိရသည်။
ကနီမြို့ အမှတ်(၃)ရက်ကွက်၊ မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် ကင်းစောင့်နေကြသည့် စစ်ကောင်စီတပ်သား ၂ ဦးမှာ အချင်းချင်းရန်ဖြစ်၍ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး တပ်သား အောင်တိုးထွန်း(ခ)ဖိုးကြယ်ဆိုသူ သေဆုံးခဲ့ပြီး ကျန်တပ်သားတစ်ဦးမှာ ဖိုးကြယ်၏ သေနတ်ပါယူဆောင်ထွက်ပြေးသွားကြောင်း ဒေသခံများထံမှ သိရသည်။
“ကနီမြို့ထဲမှာ ကင်းစောင့်နေတဲ့တပ်သားတွေပါ။ ဘဏ်ရှေ့ကင်းစောင့်ရင်းဖြစ်ကြတာ။ ညထဲက ထွက်ပြေးနေတဲ့ စကစတပ်သားကို အခုထိနေရာအနှံ့လိုက်ရှာနေကြတယ်ဗျ။ ထွက်ပြေးတဲ့နေတဲ့စစ်သားက အတူတူကင်းစောင့်နေတဲ့ စစ်သားကို ပစ်သတ်ခဲ့တယ်ဆိုပြီး သိရတယ်။ သေသွားတဲ့ စစ်သားဆီက သေနတ်ပါယူပီး ထွက်ပြေးသွားတယ်လို့ ကြားတယ်။” ဟု အသက် ၃၀ ဝန်းကျင် ကနီဒေသခံအမျိုးသမီးတစ်ဦးမှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။
သေဆုံးခဲ့သည့်တပ်သားမှာ နောက်ကျောသေနတ်ကျည်ပေါက်ထွက် ဒဏ်ရာဖြင့်သေဆုံးခဲ့ပြီး ယနေ့နေ့လည် ၁ နာရီဝန်းကျင်တွင် သင်္ဂြိုလ်ခဲ့ကြောင်း သိရသည်။
ထွက်ပြေးလွတ်မြောက်သွားသည့်တပ်သားအား ရဲ၊ စစ်သား၊ ပျူစောထီး အင်အား ၁၀၀ ဝန်းကျင်ဖြင့် ကနီမြို့တွင်းနှင့်မြို့ပြင်တွင် နေရာအနှံ့ ပိတ်ဆို့ရှာဖွေမှုများပြုလုပ်နေပြီး ယခုအချိန်ထိပြန်လည် ရှာတွေ့ခြင်းမရှိသေးဘဲ လွတ်မြောက်နေကြောင်း သိရသည်။
ဓာတ်ပုံ – လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ချို့ (ပုံဟောင်းဖြစ်ပါသည်။)