ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၆ ရက်
ဧရာ၀တီတိုင်း၊ ပုသိမ်အကျဥ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဥ်းသားများအနက် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ထောင်တွင်းတရားရုံးကနေ ပုသိမ်မြို့နေ ကိုစိုးပိုင်ဦးကို ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ခဲ့ပြီး သူ့မိသားစု၀င် ၃ ဦးကိုပါ ထောင်ဒဏ်၅နှစ်စီ ချမှတ်လိုက်တယ်လို့ သိရပါတယ်။
ကိုစိုးပိုင်ဦးဟာ ပုသိမ်မြို့စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများမှာ တက်ကြွစွာပါ၀င်ခဲ့ပြီး ၂၀၂၁ ဒီဇင်ဘာလ ၂ ရက်နေ့မှာ စစ်ကောင်စီက ဖမ်းဆီးခဲ့ကာ သူ့ကို ပုသိမ်မြို့က တော်လှန်ရေးအင်အားစုများအတွက် လက်နက်တွေကို KNLA တပ်မဟာ(၆)မှာ ရောက်ရှိနေသူတွေနဲ့ ချိတ်ဆက်ပြီးသယ်ယူနေတယ်ဆိုပြီး ဖမ်းဆီးကာ သူ့ရဲ့ အမှတ်(၁၀ဟရပ်ကွက်၊ စက်ကုန်းက နေအိမ်မိသားစုတွေကိုပါ ၀င်ရောက်ဖမ်းဆီးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
အဆိုပါဖြစ်စဥ်နဲ့ပတ်သတ်ပြီး စစ်ကောင်စီက ပုသိမ်မြို့မှာ လက်နက်၊ခဲယမ်းပို့ဆောင်ပေးနေသူများအဖြစ် ကိုစိုးပိုင်ဦးအပါအ၀င် အမျိုးသား ၁၄ ဦး၊ အမျိုးသမီး ၂ ဦး လက်နက်မျိုးစုံ ၄ လက်၊ ကျည်အိမ် ၈ ခု၊ ကျည်ဆန် ၂၀၃ တောင့်အပါအ၀င် ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးရမိခဲ့တယ်လို့ ကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်။
“ထောင်ကိုပဲ ပုသိမ်ခရိုင်တရားသူကြီးလာပြိီး အမိန့်ချလိုက်တာ။ ကိုစိုးပိုင်ဦးကိုပုဒ်မတွေက ၄၉(က)၊၅၀( စ)၊၅၂(က)ပုဒ်မ၃ခုနဲ့ အနှစ်၂၀ သူ့မိန်းမ၊သူ့ယောက်ဖနဲ့ တူမတွေကိုတော့ ၅၂(က)နဲ့၅နှစ်ချလိုက်တာဖမ်းထားတာ ၂၀၂၁ ဒီဇင်ဘာလထဲကပဲချုပ်ရက်ခံစားခွင့်ရှိတယ်”လို့ အကျဥ်းဦးစီးဌာနနဲ့နီးစပ်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောပါတယ်။
“သူ့ကိုမိတော့ မိသားစုက်ိုပါ ကြံရာပါဆိုပြီးအကုန်၀င်ဖမ်းတာ။ သူ့မိန်းမ မချောစုလှိုင်၊ သူ့ယောက်ဖကိုတင်လှနဲ့ သူ့သမီးစုလှိုင်မိုးတို့ပါ အဖမ်းခံလိုက်ရတယ်။ အိမ်မှာ စုထားတဲ့ဆန်တို့ပုဇွန်ခြောက်တို့၊ အ၀တ်အစားတွေကိုလဲ PDF ထောက်ပံဖို့ဆိုပြီးစွပ်စွဲတာ။ ကျန်တဲ့မိသားစု၀င်တွေလည်း ခုချိန်ထိထွက်ပြေးတိမ်းရှောင်နေရတယ်”လို့ မိသားစုနဲ့နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ပုသိမ်အကျဥ်းထောင်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်းဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဥ်းသား ၄၀၀ ကျော် နှင့် အကျဥ်းသူ ၇၀ ဦးခန့်ရှိနေပြီး၊ အဆိုပါ နိုင်ငံရေးအကျဥ်းသားများအနက် ထောင်တွင်းတရားရုံးမှ ထောင်ဒဏ်ချမှတ်ခြင်းကိုခံထားရသည့် နိုင်ငံရေးအကျဥ်းသား ၃၀၀ နီးပါးရှိပြီဖြစ်ကြောင်း ရှေ့နေအသိုင်း အဝိုင်းနှင့်နီးစပ်သူများထံကသိရပါတယ်။