ဧရာဝတီတိုင်းမ်
(ချင်း)၊ ဖေဖော်ဝါရီလ ၁၆ ရက်
ချင်းပြည်နယ်တွင် ခရစ်ယာန်ဘာသာဝင်များအနေဖြင့် ဘုရားကျောင်းတက်ရန်နှင့် အခြားရိုးရာပွဲများကျင်းပမည်ဆိုပါက စစ်ကောင်စီထံ ခွင့်ပြုချက်ကြိုတင်တောင်းခံရမည်ဟု ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် စစ်ကောင်စီက ထုတ်ပြန်ခဲ့ကြောင်းချင်းတိုင်းရင်းသားဒေသခံများထံမှ သိရသည်။
ချင်းတိုင်းရင်းသားခရစ်ယာန်ဘာသာဝင်များအနေဖြင့် ဘုရားကျောင်းတက်ရောက်မည့် ရက်စွဲ၊ လူဦးရေနှင့် အခြားရိုးရာပွဲများကျင်းပမည်ဆိုပါက စစ်ကောင်စီလက်အောက်ခံထွေအုပ်ရုံးတွင် တစ်ပတ်ကြိုတင်ခွင့်ပြုတောင်းခံရမည်ဖြစ်ပြီး ခွင့်ပြုချက်တောင်းခံခြင်းမပြုလုပ်ပါက ဘုရားကျောင်းတာဝန်ခံများကို အရေးယူမှုများဆောင်ရွက်မည်ဟု ပြောဆိုခဲ့ကြောင်းဒေသခံများက ပြောသည်။
“နိုင်ငံရေးအခြေအနေမကောင်းတာက တစ်ပိုင်းပေါ့။ ဒါကြောင့် အားဏာသိမ်းပြီးနောက်ပိုင်း ညဘက်တွေမှာ ဘုရားကျောင်းတက်တဲ့ အစီအစဥ်တွေ မပြုလုပ်ဖြစ်တော့ဘူးပေါ့နော်။ အခုဟာက နေ့ခင်းဘက် ဘုရားကျောင်းတက်ဖို့၊ မင်္ဂဆောင်ပွဲတွေ ပြုလုပ်ဖို့နဲ့ အခြားရိုးရာပွဲတွေ ကျင်းပမယ်ဆိုရင် စစ်ကောင်စီထံ ကြိုတင်အသိပေးအကြောင်းကြားရမယ်ပြောတယ်။ ဒါမျိုးအထိတော့ မကန်သတ်ထားသင့်ဘူးလို့ မြင်တယ်။ စစ်ကောင်စီက ဘာသာရေးကို အသုံးချပြီး ချင်းပြည်နယ်ရဲ့ နိုင်ငံရေးအကြပ်အတည်းကို ဖြေရှင်းနိုင်မယ်လို့ ထင်ထားပုံရတယ်။ ဒါကြောင့် သာသာရေးကို အကြပ်ကိုင်လာတယ်လို့ သုံးသပ်တယ်” ဟု ဟားခါးမြို့နယ်မှ သင်းအုပ်ဆရာတော်တစ်ပါးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ခရစ်ယာန်ဘာသာဝင်များပြားသော ချင်းပြည်နယ်တွင် စစ်ကောင်စီက လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ကို ကန့်သတ်ထားခြင်းကြောင့် ခရစ်ယာန်ဘာသာဝင်များအနေဖြင့် ဘုရားကျောင်းပုံမှန်တက်ရောက်နိုင်ခြင်းမရှိကြောင်း သင်းအုပ်ဆရာတော်များက ဆိုသည်။
စစ်ကောင်စီတပ်က သင်းအုပ်ဆရာတော်များကို အသုံးချကာ ဒေသကာကွယ်ရေးတပ်များကို
စည်းရုံးခိုင်းသလို အခြားခြိမ်းခြောက်မှုများလည်း ပြုလုပ်နေကြောင်း သင်းအုပ်ဆရာတော်များ၏ ပြောကြားချက်များအရ သိရသည်။
“စစ်ကောင်စီတပ်အကြီးအကဲတွေက သင်းအုပ်ဆရာတွေကို ခေါ်တွေ့ပြီးတော့ မင်းတို့လူတွေကို မင်းတို့ထိန်းပေးပါ။ လက်နက်ကို စွန့်ပြီး အလင်းဝင်ရောက်ဖို့ စည်းရုံးခိုင်းတာတွေ ပြောဆိုလာတယ်။ ပြီးတော့ ဘုန်းကြီးကျောင်းတွေကို ဒေသကာကွယ်ရေးတပ်တွေက လာထိရင် မင်းတို့ ဘုရားကျောင်းတွေကို တစ်ခုမကျန်အကုန်မီးရှို့ပစ်မယ်။ မင်းတို့ကိုလည်း အလွတ်မပေးဘူးဆိုပြီး ခြိမ်းခြောက်မှုတွေ ပြုလုပ်တယ်”လို့ သင်းအုပ်ဆရာတစ်ပါးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းတွင် ချင်းတိုင်းရင်းသားများအနေဖြင့် ဘုရားကျောင်းတက်မည့် အစီအစဥ်များဖျက်သိမ်းခြင်း၊ သင်းအုပ်ဆရာတော်များကို ခြိမ်းခြောက်အကြပ်ကိုင်ခြင်းနှင့် အကြောင်းမဲ့သတ်ဖြတ်ခြင်းတို့ကို စစ်ကောငိစီတပ်က ပြုလုပ်ခဲ့ကြောင်းဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။
အာဏာသိမ်းစစ်ကောင်စီက ချင်းပြည်နယ်၊ မြို့နယ် ၇ မြို့နယ်ကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် စစ်အုပ်ချုပ်ရေးကြေညာခဲ့ပြီး ဖေဖော်ဝါရီလ ၄ ရက်နေ့က စစ်အုပ်ချုပ်ရေးကြေညာထားသော မြို့နယ်များတွင် ညမထွက်ရအမိန့်နှင့် လူ ၅ ဦးထက် ပိုမစုရအမိန့်ကို ဆက်လက်ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။