ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၆ ရက်

ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အချို့တွင် နိုင်ငံခြား သွားဖို့ လုပ်ဆောင်ရာ၌ ပွဲစားအချို့က ငွေလိမ်လည်ကာ ထွက်ပြေးနေမှုများရှိကြောင်းသတင်းရရှိသည်။
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေးများ ကျဆင်းလာကာ ငွေကြေး ကျပ်တည်းမှု စားဝတ်နေရေး အဆင်မပြေမှုများကြောင့် ဧရာဝတီတိုင်းအတွင်းရှိ ကျေးလက်ဒေသက လူငယ် လူလတ်ပိုင်း အတော်များများ နိုင်ငံခြားသို့ ထွက်ခွာ အလုပ် လုပ်ကြကြောင်း ဒေသခံများထံမှ သိရသည်။

နိုင်ငံခြားထွက် အလုပ်လုပ်ရန်အတွက် လုပ်ဆောင်ရာတွင် ပွဲစားအချို့၏ လိမ်လည်မှုကြောင့် ငွေကြေးဆုံးရှုံးကာ နိုင်ငံခြားမရောက်ဘဲ မြန်မာနိုင်ငံတွင် ကြွေးတင်ကာ ဒုက္ခရောက်နေရကြောင်း ဒေသခံအမျိုးသားတစ်ဦးထံမှသိရသည်။

” ကျွန်တော်က ကလေး ၃ ယောက်နဲ့ မိသားစုကို ရှာဖွေကျွေးမွေး နေရတာပါ၊ ဒီမှာက အလုပ် လုပ်ရတာ အဆင်မပြေ စားဝတ်နေရေး ကြပ်တည်းလို့ နိုင်ငံခြားထွက်ပြီး အလုပ်လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်၊အဲ့တာနဲ့ မလေးရှားသွားဖို့ မိသားစုဖြစ်တဲ့ အဒေါ်တွေဆီမှာ ငွေချေးပြီး လုပ်ခဲ့တာ။ သင်တန်းတွေတက်ပြီးတော့ နောက်ထပ်၂ ရက်ဆိုသွားရတော့မှာဆိုပြီး ငွေသိန်း ၃၀ ပုံပေးလိုက်တာ၊ သွားမယ့်ရက်ကျတော့ ဟိုဘက်က အလုပ်ရှင်က စောင့်ခိုင်းလို့ဆိုပြီး စောင့်ပေးလိုက်တယ်၊ အဲ့တာနဲ့ သွားရမယ်ဆိုပြီး လတွေ ကြာလာတော့ ငွေပြန်တောင်းတဲ့အခါ ပြန်မပေးသေးဘဲ သွားရတော့မယ်လို့ဘဲ ပြောနေတယ်။အဲ့အဖွဲ့မှာ ကျွန်တော်အပါဝင်၂၇ ယောက် တစ်ယောက်ကို သိန်း ၃၀ ပေးရတာ၊အခုတော့ အဲ့ပွဲစားက ရှောင်ပြေးသွားပြီ”ဟု ပန်းတနော်မြို့နယ်ရှိ အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်သို့ပြောသည်။

အလိမ်ခံရသူများမှာ ကျေးလက်ဒေသကအများစု ပါဝင်ပြီး အချို့သူများက စစ်ကောင်စီလက်အောက်ခံ ဌာနတွေနဲ့ ချိတ်ဆက်ပြီး အလုပ်လုပ်ရမည်ဆိုပြီးပြောဆိုကာ တစ်ဦးကို ၁၀ သိန်းလောက်ဘဲ ကုန်ကျမယ်ဆိုပြီး လိမ်လည်ခံခဲ့ရသူများလည်းရှိကြောင်းဒေသခံများထံမှသိရသည်။

ဧရာဝတီတိုင်းတွင်း ကျေးလက်ဒေသနေသူ အများစုမှာ စိုက်ပျိုးရေးကိုအဓိကထား လုပ်ကိုင်ကြပြီး စစ်အာဏာသိမ်းပြီး နောက်ပိုင်း ကုန်ဈေးနှုန်းများ ၊စိုက်ပျိုးရေး သွင်းအားစုဈေးများတက်ကာ စားဝတ်နေရေး အဆင်မပြေကြသောကြောင့် နိုင်ငံခြားထွက်ပြီးအလုပ် လုပ်ကြသူအများစုဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။