ဧရာဝတီတ်ိုင်းမ်
ဖေဖော်ဝါရီလ ၁၆ ရက်

ရခိုင်ပြည်နယ်၊တောင်ကုတ်မြို့နယ်၊နတ်မော်ကျေးရွာတွင် ယနေ့(ဖေဖော်ဝါရီလ ၁၆ရက်နေ့)၊ နံနက်အစောပိုင်းက အမည်မသိလူတစ်ဦးက နေအိမ်သို့ခိုးတက်ကာ ရွှေငွေများကို ယူဆောင်သွားပြီး နေအိမ်မှသမီးဖြစ်သူကိုလည်း ဓားဖြင့်ထိုးသွားကြောင်း သိရသည်။

နတ်မော်ကျေးရွာမှ ဦးမောင်မြင့်နိုင်ဆိုသူ၏နေအိမ်ပေါ်သို့ နံနက် ၂ နာရီခန့်တွင် အမည်မသိ လူတစ်ဦးမှ ခိုးတက်ပြီး ရွှေ ၉ ကျပ်နှင့် ငွေကျပ် သိန်း၂၀ကျော်ကိုယူဆောင်ကာ နေအိမ်မှ အသက် ၂၀ အရွယ် သမီးဖြစ်သူ မနှင်းယုလှိုင်ကိုလည်း ဓားဖြင့်ထိုးသွားကြောင်း ဒေသခံများထံမှ သိရသည်။

” သူခိုးလို့ပြောရမလား၊ ဓားပြလို့ပြောရမလားတော့မသိတော့ဘူး။ အိမ်ပေါ်တက်ပြီးခိုးသွားတယ်လို့ အိမ်ပိုင်ရှင်တွေကလာတ်ိုင်တယ်။ သမီးဖြစ်သူကလည်း အိမ်အောက်ကို ဆင်းခိုက်နဲ့ကျတယ်ထင်တယ်။သူခိုးနဲ့ တည့်တည့်တိုးလို့ ဓားနဲ့ထိုးသွားတာပါ။မသေလိုက်တာပဲ အရမ်းကံကောင်းပါတယ်။ပစ္စည်းကတော့ အိမ်ပိုင်ရှင်တွေလာတ်ိုင်ချက်အရ ရှိသမျှ ရွှေ ၉ကျပ်နဲ့ငွေသားတွေလည်း အကုန်ပါသွားတယ်ပြောတာပဲ ” ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းဝေမှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။

မနှင်းယုလှိုင်မှာ ဓားဖြင့် ၂ချက်ထိုးခံလိုက်ရပြီး ပထမတချက်မှာ ဒဏ်ရာမပြင်းသော်လည်း နောက်တချက်မှာ ဘေးစပ်သို့ဖောက်ဝင်သွားသည့်အတွက် တောင်ကုတ်ဆေးရုံကြီး၌ အရေးပေါ်ကုသနေရကြောင်း သိရသည်။

“ဒဏ်ရာကခွဲစိတ်ရတယ်လို့ပြောတယ်။ အခြေနေစိုးရိမ်ရလား မစိုးရိမ်ရဘူးလားဆိုတာကတော့ ဆရာဝန်တွေဆီကအဖြေထွက်မှပဲသိရမယ်။ အခုလိုမျိုး ကိုယ့်အိမ်မှာကိုယ်နေပြီး ဖြစ်သွားတော့ တစ်ခြားလူတွေလည်း စိုးရိမ်စိတ်ဝင်တာပေါ့ ” ဟု နတ်မော်ရွာမှ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးမှ ပြောသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်၍ မိသားစုဝင်များက တောင်ကုတ်မြို့မရဲစခန်း၌ အမှုဖွင့်ထားသည့်အတွက် တရားခံဖမ်းဆီးရရှိရေးနှင့်ပတ်သက်၍ မည်သို့လုပ်ဆောင်နေသည်ကို ရဲစခန်းမှတာဝန်ရှိသူတစ်ဦးထံသို့ ဧရာဝတီတိုင်းမ်က ဆက်သွယ်မေးမြန်းခဲ့ရာ လိုအပ်သည့်သက်သေအထောက်အထားများကိုလိုက်လံရှာဖွေနေဆဲဖြစ်ကြောင်း ဖြေကြားသည်။

” အခုလက်ရှိ ကျနော်တို့တွေ အခင်းဖြစ်တဲ့နေအိမ်ကိုရောက်နေပါတယ်။ တရားခံက မည်သူ၊မည်ဝါဖြစ်ကြောင်းကို သိနိုင်ဖို့အတွက် သက်သေ
အထောက်အထား အစအနတွေကိုလိုက်လံရှာဖွေနေပါတယ်။ လူနာအနားမှာလည်း ကျွန်တော်တို့ရဲတပ်ဖွဲ့ဝင်တွေကို လုံခြုံရေးအနေနဲ့ထားပေးထားပါတယ်။တရားခံကိုရအောင်ဖော်ထုတ်သွားမှာပါ” ဟု ၄င်းကပြောသည်။

စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ရခိုင်တွင် တရားဥပဒေစိုးမိုးမှုများ အလွန်တရာနည်းပါးလာကာ သူခိုးမှု၊ လုယက်မှုနှင့် ဓားပြမှုများမှာလည်း တနေ့ထက်တနေ့ ပိုများလာနေပြီး သက်ဆိုင်ရာအာဏာပိုင်များကလည်း အဆိုပါကိစ္စများအပေါ် တစ်စုံတစ်ရာ ဖော်ထုတ်အရေးယူနိုင်ခြင်းမရှိသေးဟု ဒေသခံပြည်သူများအကြား ဝေဖန်ပြောဆိုမှုများလည်း ရှိနေသည်။