ဧရာဝတီတိုင်းမ်
(မတူပီ)၊ ဖေဖော်ဝါရီ ၁၅ ရက်
မတူပီမြို့နယ်တွင် အင်အား ၈၀ ဝန်ကျင်ခန့်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရေဇွာမြို့-လိုင်လင်းပီမြို့ဘက်သို့ လှည့်လည်သွားလာနေသည့်အတွက် ပြည်သူလူထုများအနေဖြင့် သတိရှိစွာ နေထိုင်သွားလာကြရန် CDF-Zotungက ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် အသိပေးထုတ်ပြန်သည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရေဇွာမြို့မှ ဖေဖော်ဝါရီလ ၁၄ တွင် နံနက်ပိုင်းတွင် စတင်ထွက်ခွာလာကာ လိုင်လင်းပီလမ်း၊ ဝမ်ဖူးချောင်းအနီးတွင် ညအိပ်ခဲ့ပြီး CDF-ZOTUNG ၏ အသိပေးချက်များကို လိုက်နာပေးကြရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“မတူပီမြို့ကနေ ထိုးစစ်ဆင်လာတဲ့ စစ်ကြောင်းဖြစ်ပါတယ်။ ရေဇွာမြို့မှာ ရှိတဲ့ စစ်ကောင်စီတပ်စခန်းမှာ ၄ ရက်ကြာရပ်နားပြီးတော့ ပြန်လည် လိုင်လင်းပီမြို့ဘက်ကိုထွက်ခွာလာတာပါ။ CDF-ZOTUNG၊ CNA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်မှုကြောင့် အတော်အထိနာတဲ့ စစ်ကြောင်းပါ။ ရေဇွာ-ဆော်တီးလမ်း၊ ရေဇွာ-ဗဘူးလမ်းနဲ့ ရေဇွာ-မတူပီလမ်းကြောင်းက ပြည်သူတွေ အထူးသတိပြုနေထိုင်ကြဖို့ အသိပေးလိုပါတယ်´´ဟု CDF-ZOTUNG တာဝန်ခံတစ်ဦးက ဧရာဝတီတိုင်းမ်သို့ ပြောကြားသည်။
မတူပီမြို့တွင် အခြေစိုက်သော ခလရ ၁၄၀ တပ်ရင်းမှ အင်အား ၁၅၀ ခန့်ဖြင့် ပြီးခဲ့သည့်ဖေဖော်ဝါရီ ၄ ရက်နေ့က ဇိုတုန်နယ်ဘက်သို့ စစ်ကြောင်းထိုးလာခဲ့ပြီး CNA၊ CDF-Zotung၊ CDF-Zophei၊ CDF- Lautu၊ CDF- Mara နှင့်ညCDF- Senthang တို့က အကြိမ်ကြိမ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ဦးထက်မနည်းသေဆုံးပြီး ၂၀ ဦးထက်မနည်း ဒဏ်ရာပြင်းထန်စွာရရှိကာ CDF-Zotung တပ်ဖွဲ့ဝင် ၂ ဦးနှင့် CNA ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်းသိရသည်။
#Ayeyarwaddy_Times