ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၆ ရက်
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က စွန့်ပစ်မြေစာပုံပြိုကျခဲ့လို့ လူ ၅ ဦးသေဆုံးပြီး ကျောက်ရှာသူတချို့ ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကုဋေကျေးရွာနားမှာရှိတဲ့ စွန့်ပစ်မြေစာပုံပြိုကျခဲ့တာကြောင့် ကိုစိုးလင်းနဲ့ ကိုမင်းနိုင်ဦးဦး တို့သေဆုံးခဲ့ပြီး ၅ ဦးဒဏ်ရာရရှိခဲ့ကာ တချို့ကတော့ ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ ပြိုကျတာက ညပိုင်းပြိုကျတာဆိုတော့ အခြေအနေကပိုဆိုးသွားတာ၊ အလောင်း ၂ လောင်းပဲပြန်ရတယ်၊ ဒဏ်ရာရတဲ့သူကတော့ ၅ ဦးလောက်ရှိမယ်၊ တချို့ကတော့ ပျောက်နေတုန်းပဲ”လို့ ဒေသခံ အမျိုးသမီး တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
မြေစာပုံပြိုကျတဲ့အထဲမှာ အသက်မသေဆုံးပဲ ဒဏ်ရာရရှိခဲ့သူတွေရဲ့ ပြောပြချက်အရ ပျောက်ဆုံးနေတဲ့သူ ၅ ဦး လောက်အနည်းဆုံးရှိမယ်လို့ ဆိုပါတယ်။
ပြိုကျခဲ့တဲ့ မြေစာပုံဟာ အဲဗားဝင်းနားကုမ္ပဏီရဲ့ မြေစာသွန်တဲ့နေရာဖြစ်ပြီး အမြင့်ပေ အနည်းဆုံး ပေ ၄၀၀ နီးပါးမြင့်တဲ့မြေစာပုံလည်းဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖားကန့်မြို့နယ်အတွင်းမှာပဲ ဇန်နဝါရီလ ၃၀ ရက်နေ့က နမ့်မှော်ကျေးရွာနားမှာရှိတဲ့ လုပ်ကွက်ဟောင်း တစ်ခုက မြေစာပုံ ပြိုကျခဲ့လို့ ကျောက်ရှာဖွေသူ ၄ ဦးသေဆုံးခဲ့သေးတယ်လို့ ဆိုပါတယ်။