ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၆ ရက်
မကွေးတိုင်း၊ ချောက်မြို့နယ်တွင် အမည်မသိ အမျိုးသားတစ်ဦးက C G F ပြောက်ကျားအဖွဲ့အမည်ကိုသုံး၍ လုပ်ငန်းရှင်အချို့ထံ ငွေလိမ်တောင်းခံနေမှုများ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် ဇန်နဝါရီလထဲကစ၍ အမျိုးသားတစ်ဦးသည် CGF ပြောက်ကျားအဖွဲ့အမည်ကို အသုံးချကာ ချောက်မြို့နယ်ရှိ လုပ်ငန်းရှင်အချို့ကို အလှူခံခြင်းများ၊ ခြိမ်းခြောက်ငွေတောင်းခံခြင်းများ ပြုလုပ်လာကြောင်း CGF ပြောက်ကျားအဖွဲ့ထံမှသိရသည်။
“ကျွန်တော်တို့ အဖွဲ့အမည်ကို အလွဲသုံးစား လုပ်ပြီး ငွေတောင်းနေတာ ပြီးခဲ့လထဲက အဲ့လိုတွေ လုပ်တယ်လို့ ကြားရတယ်ဗျ၊ တချို့ကို အလှူခံတယ်၊ တချို့လုပ်ငန်းရှင်တွေကို ခြိမ်းခြောက်ပြီး တောင်းတယ်လို့ သိရတယ်ဗျ၊ ဆက်တဲ့ကဒ်က တယ်လီနောနဲ့ တစ်ဦးကိုဆက်ပြီးရင် ကဒ်ပိတ်လိုက်တယ်၊ ကျတော်တို့ဆက်ကြည့်တာ မရဘူး၊ သူ့အသံတော့ Record ဖမ်းထားတာ ပြန်ကြားရတယ် အရွယ်က လူငယ်ပိုင်းထဲကလို့ ယူဆလို့ရတယ်”ဟု Chauk Guerrilla Force CGF တာဝန်ခံ ကိုဘကွန်းက ဧရာဝတီတိုင်းမ်သို့ပြောသည်။
လက်ရှိအချိန်မှာ CGF ပြောက်ကျားတပ်ဖွဲ့အနေနဲ့ ငွေလိမ်လည်တောင်းခံမှုများပြုလုပ်နေသူကို စုံစမ်းနေပြီး ခုလိုလုပ်ဆောင်တာမျိုးအား မိမိတို့အနေဖြင့် ဘယ်သောအခါမှ လုပ်မှာ မဟုတ်သလို ပြည်သူတွေရဲ့ စေတနာနဲ့ပံ့ပိုးပေးသည့် ငွေကလွဲပြီး တမင် တောင်းခံတာ၊ ခြိမ်းခြောက်တာမျိုး လုပ်မှာမဟုတ်ကြောင်း ၎င်းမှဆက်လက်ပြောဆိုသည်။
အဆိုပါ လိမ်လည်မှုမျိုး ပြီးခဲ့တဲ့လ၌ ရန်ကုန်မြို့ အပါအဝင် မြို့ကြီးတချို့တွင် PDF ကို ထောက်ပံ့နေသည်ဟုဆိုပြီး ပြည်သူများထံ ဖုန်းနံပါတ်စိမ်းများဖြင့် ဆက်သွယ်ပြီး ခြိမ်းခြောက် ငွေညှစ်မှုများ ရှိနေကြောင်း ဒေသခံပြည်သူအချို့ထံမှသိရသည်။