ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၆ ရက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ဖေဖော်ဝါရီလ ဒုတိယပတ်ကစတင်ပြီး စက်သုံးဆီအရောင်းဆိုင်တွေ ရောင်းချစရာ ဆီမကျန်တော့လို့ ပိတ်ထားရတဲ့အထိ ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖားကန့်မြို့ကို တင်ပို့တဲ့ စက်သုံးဆီတွေဟာ လာတဲ့လမ်းမှာ ဖေဖော်ဝါရီလ ၁၀ ရက်နေ့လောက်ကစတင်ကာ လမ်းပိတ်ဆို့တာတွေဖြစ်ပေါ်နေတာကြောင့် ဆီလက်ကျန်ပြတ်သွားတဲ့အခြေအနေတွေဖြစ်ပေါ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

“ မိုးကောင်းဖားကန့်လမ်းမှာ ဆီကားတွေကို ပိတ်ထားတာ၊ လုံးတုံဝှေလုံ စစ်ဆေးရေးဂိတ်မှာပိတ်ထားတာ၊ ဖားကန့်နဲ့ မိုးညှင့်ဘက်ကိုပဲ ပိတ်ထားတာလို့ ကြားတယ်၊ ခုတော့ ဆီဆိုင်တွေပိတ်ထားရတယ်”လို့ ဒေသခံ့ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ဖားကန့်မြို့နယ်မှာရှိတဲ့ ကျောက်တွင်းတွေမှာ ခွင့်ပြုချက်မရှိဘဲ တူးဖော်နေတာမျိုးကြောင့် ခုလိုမျိုး စက်သုံးဆီ တင်ပို့မှုပိတ်လိုက်တာမျိုးဆိုရင်တော့ ဒါဟာ အဓိပ္ပာယ်မရှိတဲ့ လုပ်ရက်ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ခုလိုမျိုး ပိတ်မယ့်အစား ကျောက်စိမ်းခိုးတူးတဲ့သူတွေကိုသာ တားမြစ်တာမျိုးတွေလုပ်သင့်ပြီး ခုလိုမျိုး ဆီ တင်သွင်းမှု ပိတ်ပင်ထားတဲ့လုပ်ရက်ဟာ ဝါးလုံးရှည်နဲ့သိမ်းရမ်းတဲ့ပုံစံဖြစ်နေတာကြောင့် ပြည်သူတွေကို နစ်နာ စေတယ်လို့ ဆိုပါတယ်