ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၅ ရက်
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့က ရပ်ကွက်အချို့က လက်ဘက်ရည်ဆိုင်တွေမှာ ယခုလ ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်းစစ်ကောင်စီတပ်ဖွဲ့၀င်များကို အရပ်၀တ်တွေနဲ့ လူငယ်တွေကို လာရောက် စုံစမ်းနေတာကိုတွေ့ရှိနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
“အရပ်၀တ်ထားပေမယ့် စစ်သားပုံပေါက်နေတော့ တပ်ကကောင်တွေမှန်းသိသာတယ်။ ၃ယောက်တစ်ဖွဲ့ ၄ယောက်တစ်ဖွဲ့ အလှည့်ကျ ဆိုင်တွေမှာပတ်ထိုင်ပြီး အဓိကတော့လူငယ်တွေစုနေတဲ့ ဝိုင်းတွေနားမှာထိုင်တယ်။ နိုင်ငံရေးအအကြောင်းတွေပြောလား။ PDF အကြောင်းတွေပြောလားလို့ စုံစမ်းနေတာထင်တယ်”လို့ မျက်မြင်တွေ့ရှိရသူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောပါတယ်။
ပုသိမ်မြို့မှာ ဖေဖော်ဝါရီလမှာ စစ်အာဏာသိမ်းမှု ၂ နှစ်ပြည့်မှာ ရပ်ကွက်တိုင်းလိုလို အသံတိတ်သပိတ်မှာ ပါ၀င်ခဲ့ပြီး၊ လူမှုကွန်ယက်ပေါ်မှာ လူငယ်တွေစုပြီးအာဏာရှင်ဆန့်ကျင်ရေး အိမ်တွင်းသပိတ်ပြုလုပ်ပုံများပျံနှံခဲ့တာကြောင့် လူငယ်များလမ်းပေါ်မှာ နိုင်ငံရေးလှုပ်ရှားမှုများပြုလုပ်မှာစိုးလို့ ခုလိုအသွင်ယူစုံစမ်းတာဖြစ်နိုင်တယ်လို့မြို့ခံတွေကသုံးသပ်ပြောဆိုထားပါတယ်။
ပုသိမ်မြိုက လူစည်ကားရာ နေရာတွေဖြစ်တဲ့ အမှတ်(၃)ရပ်ကွက်၊ (၈)ရပ်ကွက်နဲ့ (၁၂)ရပ်ကွက်တွေက လက်ဖက်ရည်ဆိုင်တွေမှာ လူငယ်တွေအများစုရှိနေတဲ့နေရာတွေမှာ အလှည့်နဲ့၀င်ရောက်ထိုင်နေတာကို မြင်တွေ့ရတယ်လို့သိရပါတယ်။
“ပြီးခဲ့တဲ့ရက်ပိုင်းက မင်းအောင်လှိုင်လာတော့ ပုသိမ်က အေးချမ်းတယ်ဆိုပြီးချိီးကျူးသွားတယ်ကြားတယ်။ ဒါကြောင့် သူတို့ဘက်လှုပ်မရအောင် သတင်းတွေယူနေတာဖြစ်နိုင်တယ်။ နောက်တစ်ချက်က ရပ်ကွက်တွေက နိုင်ကျဥ်းဟောင်းတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ PDFလူငယ်တွေပြန်ရောက်နေတယ်ဆိုပြီးသတင်းထွက်နေလို့ရှာနေတာလဲဖြစ်နိုင်တယ် “လို့ ပုသိမ်မြို့က နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးကပြောပါတယ်။
ဧရာ၀တီတိုင်းမှာ၂၀၂၃ ဇန်နဝါရီလဆန်းပိုင်း ကစပြီးဆန္ဒပြပြီး အကျဉ်းကျကာ ပြန်လည်းလွတ်မြောက်လာသူတွေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို စောင့်ကြည့်ပြီး နေ့စဉ် သတင်းပေးဖို့ညွန်ကြားချက်ထုတ်ထားပြီး နေ့စဉ် နယ်မြေခံရဲတပ်ဖွဲ့နဲ့ သတင်းတပ်ဖွဲ့က ပေးပို့လာတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေရဲ့ သတင်းအချက်တွေကို စစ်တိုင်းမှူး၊ ရဲတပ်ဖွဲ့မှူးနဲ့ ဝန်ကြီးချုပ်တို့ဆီကို ပေးပို့ရတာဖြစ်တယ်လို့ တိုင်းရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေက ပြောပါတယ်။