ဧရာ၀တီတိုင်းမ်
ဖေဖော်ဝါရီလ ၁၅ ရက်
မကွေးတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့(PDF)များသည် စစ်ရေးဆိုင်ရာပစ်မှတ် ၁၉ ခုကို ၂ ရက်အတွင်း မဟာဗျူဟာကျကျ ဟန်ချက်ညီညီ တိုက်ခိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သား ၃၁ ဦးသေဆုံးကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေး၀န်ကြီး ဌာနက ယမန်နေ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၈ ရက်နှင့် ၉ ရက်နေ့များတွင် ပူးပေါင်းတပ်ဖွဲ့များမှ စစ်ရေးဆိုင်ရာ ပစ်မှတ်များကို တိုက်ခိုက်ခဲ့ပြီး တစ်နိုင်ငံလုံးတွင်လည်း မဟာဗျူဟာကျကျဟန် ချက်ညီညီ စစ်ရေးဆိုင်ရာတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ ကျန်ရှိသော စစ်ရေးဆိုင်ရာ သတင်းအချက်အလက်များကို ဆက်လက်ထုတ်ပြန်သွား မည်ဟု NUG ကဆိုသည်။
ပူးပေါင်း တပ်ဖွဲ့များသည် မကွေးမြို့ရှိ လေတပ်စခန်းဌာနချုပ်အပါအ၀င် သရက်၊ စလင်း၊ ဆိပ်ဖြူ၊ ပေါက်၊ ပခုက္ကူ၊ ရေစကြို၊ ဆော၊ ထီးလင်း၊ ဂန့်ဂေါမြို့နယ် ၁၀ မြို့နယ်ရှိ စစ်ရေးပစ်မှတ် ၁၉ ခုကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါတိုက်ခိုက်မှုများကို ပြည်သူ့ကာကွယ်ရေးတပ်မတော် သရက်ခရိုင်တပ်ရင်းများ၊ မကွေးခရိုင်တပ်ရင်းများ၊ မင်းဘူးခရိုင်တပ်ရင်းများ၊ ပခုက္ကူခရိုင်တပ်ရင်းများ၊ ဂန့်ဂေါ ခရိုင်တပ်ရင်းများ၊ စစ်ကိုင်းခရိုင်တပ်ရင်းများ၊ မြင်းခြံခရိုင်တပ်ရင်းများ၊ ပြည်သူ့ ကာကွယ်ရေးအဖွဲ့ရေနံချောင်း၊ မင်းဘူး၊ ပွင့်ဖြူ၊ ထီးလင်း၊ ဆိပ်ဖြူမြို့နယ် (ဘာမထီအဖွဲ့)နှင့် ဒေသကာကွယ်ရေး အဖွဲ့များသည် NUG ကာကွယ်ရေး၀န်ကြီးဌာန၊ အမှတ် (၁)စစ်ဒေသ၊ ခရိုင်ကွပ်ကဲရေးအဖွဲ့များ၏ ကွပ်ကဲမှုနှင့်မဟာဗျူဟာကျကျ ဟန်ချက်ညီညီ တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။
“ကာကွယ်ရေးပစ္စည်းထုတ်လုပ်တဲ့ စက်ရုံကိုတိုက် ခိုက်ဖို့ ပစ်မှတ်ချိန်ထားတဲ့အတိုင်း အဲဒီ၀င်းထဲကို တည့်တည့်ကျပြီးပေါက်ကွဲခဲ့တယ်။ လက်နက်ထုတ်တဲ့ရုံကို အဓိက ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာပါ” ဟု တိုက်ခိုက်မှုတွင် ပါဝင်သည့် သရက်ခရိုင် PDF တပ်ရင်း(၄) Eagle Force မှ တာ၀န်ရှိသူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ထိုသို့ ကပစ(၁၂)ကို တိုက်ခိုက်ခဲ့ပြီးနောက် သရက်မြို့နယ်ရှိ နယ်မြေရဲစခန်းကို ဒရုန်းဖြင့် ထပ်မံ၍ ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ပွဲများတွင် စစ်ကောင်စီရန်သူ့တပ်သား ၃၁ ဦးသေဆုံးခဲ့ပြီး ထိခိုက် ဒဏ်ရာရရှိမှုများရှိကာ စစ်ကောင်စီ၏ အဆောက်အဦများနှင့် ဘားတိုက်များ ပျက်စီးခဲ့သည်။ ထို့ပြင် စစ်ကောင်စီ၏ ကား၊ လက်နက်ငယ်များ၊ ကျည်ဆံများနှင့် စစ်အသုံးအဆောင်များကို သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။
NUG ကာကွယ်ရေး၀န်ကြီး လက်အောက်မှနေ၍ စနစ်တကျဖြင့် နေရာ အနှံ့အပြားကို တစ်ချိန်တည်း တိုက်ခိုက်နိုင်ခြင်းအပေါ် ကျေနပ်အားရမှုရှိကြောင်း ထီးလင်း PDF တာ၀န်ခံက ဧရာ၀တီတိုင်းမ်ကို ဖြေကြားသည်။
ဆိပ်ဖြူဘာမထီအဖွဲ့သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၉ ရက်နေ့ကလည်း စစ်ကောင်စီ၏ လေကြောင်း ရန်ကာကွယ်ရေးတပ်မ (၉) ကို လက်လုပ်လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
Photo ပခုက္ကူမြို့ပေါ်ရှိ စစ်တပ်စစ်ဆေးရေးဂိတ်ကို ၀င်ရောက်တိုက်ခိုက်စဉ်