ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၅ ရက်
ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့ရှိဒေသခံ အမျိုးသားတစ်ဦးသည် ယနေ့ ဖေဖော်ဝါရီ ၁၅ရက်နေ့ ၊ နံနက် ၁၁ နာရီခန့်က မြေမြှုပ်မိုင်းနင်းမိ၍ ခြေတစ်ဖက်ပြတ်သွားကြောင်း သိရသည်။
မိုင်းနင်းမိသူမှာ ကျောက်တော်မြို့၊ လမ်းမတော်ရပ်ကွက်နေ ဦးဇော်မိုးလွင်(ခ) ဦးမောင်ချော အသက် ၄၁နှစ်ဖြစ်ပြီး ရက်ကွက်နှင့် မိုင်ဝက်ခန့်ဝေးသည့် စစ်ကောင်စီ တပ်အခြေစိုက် ခမရ (၃၇၄) တောင်တန်းအနီးသို့ သူငယ်ချင်းဖြစ်သူနှင့်အတူ ထင်းခွေသွားစဉ် မိုင်းနင်းမိခြင်းဖြစ်ကြောင်း မိသားစုဝင်များထံက သိရသည်။
“သူက ပုံမှန်ထင်းခွေနေကျသူလည်းမဟုတ်ပါဘူး။ အခုက မီးလည်း ပုံမှန်မရတော့ ထမင်းဟင်းချက်ဖို့အတွက် ထင်းသွားခွေကြတာပါ။ တပ်ရင်းထဲကိုလည်း မဝင်ပါဘူး။ သံကြိုးနဲ့ခြံခတ်ထားတဲ့ တပ်ရင်းအပြင်မှာပဲ ထင်းခွေကြတာ။ အဲဒီအချိန်မှာ အဖော်ပါလာတဲ့ တယောက်က အလေးသွားချင်တယ်ဆိုပြီး ထွက်သွားတယ်။ အဲဒါကို သူက အပင်အောက်က ထိုင်စောင့်တော့မယ်ဆိုပြီး ထိုင်တဲ့အချိန်မှာ မိုင်းထ ပေါက်တာလို့ပြောတယ်။ အသံတော့ ဝုန်းခနဲဆိုပြီးကြားလိုက်ရတယ်။ ခဏနေတော့ အဖော်လိုက်သွားတဲ့တယောက်က ကြောက်လန့်တကြား ပြေးပြီးလာပြောတယ်” ဟုမိသားစုဝင်တစ်ဦး ဖြစ်သည့် ဦးမောင်သိန်းရွှေက ဧရာဝတီတိုင်းမ်ကိုပြောသည်။
မိုင်းပေါက်ကွဲမှုကြောင့် ဦးဇော်မိုးလွင်၏ ညာဖက်ခြေထောက်မှာ ခြေချင်းဝတ်မှနေ၍ ပြတ်ထွက်သွားသည့်အပြင် မေးစေ့နှင့် ညာဖက်လက်တို့တွင်လည်း ဒဏ်ရာရရှိခဲ့ သောကြောင့် ကျောက်တော်ဆေးရုံမှတဆင့် စစ်တွေဆေးရုံသို့ အရေး ပေါ်ပို့ဆောင်ရန်စီစဉ်ခဲ့ရကြောင်း ကျောက်တော်မြို့ ဖြူစင်မေတ္တာ ပရဟိတ အသင်းမှ သိရသည်။
“ကျွန်တော်တို့ အသင်းကို ဖုန်းဆက်အကူညီတောင်းလာတာက နေ့လယ် ၁၂နာရီ လောက်မှာပါ။ ကျွန်တော်တို့လည်း ချက်ချင်းလိုက်သွားပြီး ဆေးရုံ တင်လိုက်တယ်။ ဆေးရုံရောက်တာနဲ့ ဒဏ်ရာကများတော့ စစ်တွေကိုပို့မှရမယ့် အနေအထားဖြစ်နေတယ်။ ဒါကြောင့် ကျွန်တော်တို့ တို့ပရဟိတကားနဲ့ ချက်ချင်းပို့လိုက်ပါတယ် ” ဟု ဖြူစင်မေတ္တာ ပရဟိတ အသင်း၏ တာဝန်ရှိသူက ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၆ ရက်နေ့ကလည်း အမ်းမြို့နယ်၊ ဒါးလက်အုပ်စုမှ ဒေသခံတစ်ဦးသည် ၎င်း၏ကိုယ်ပိုင် သီဟိုဠ်ခြံသို့သွားစဉ် မိုင်းနင်းမိသောကြောင့် ဒဏ်ရာရရှိကာ ဒါးလက်ဆေးရုံ၌ဆေးကုသမှုခံယူခဲ့ရသည်။
ထို့ပြင် ဖေဖော်ဝါရီလ ၃ ရက်နေ့ကလည်း မောင်တောမြို့နယ်မှ ၅ တန်း ကျောင်းသား တစ်ဦးသည် ရွာအနီးရှိ တောင်တန်းသို့ ငှက်ကိုင်းထောင်ရန်သွားစဉ် ဗုံးသီးပေါက်ကွဲကာ သေဆုံးခဲ့ရပြီး မင်းပြားမြို့နယ်ရှိ အသက် ၅၉နှစ် အရွယ်အမျိုးသားတစ်ဦးမှာလည်း ပြီးခဲ့သည့် ဇန်နဝါရီလ ၂၇ ရက်နေ့က ရွာအနီးရှိတောင်ပေါ်သို့ထင်းခွေသွားစဉ် မိုင်းနင်းမိ၍ သေဆုံးခဲ့ရသည်။
ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ကြား နှစ်ဖက် တိုက်ပွဲများ ရပ်တန့်နေသော်လည်း စစ်ကျန်လက်နက်နှင့် မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုများမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုတိုးလာနေကြောင်း သိရသည်။