ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ ဖေဖော်ဝါရီလ ၁၅ ရက်
တနင်္သာရီတိုင်း ထားဝယ်ခရိုင် ရေဖြူမြို့နယ် ရေး-ထားဝယ် ကားလမ်းပေါ်မှာ စစ်ကောင်စီ ယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း ရေဖြူ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (YPPDF) က သတင်း ထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီလ ၁၂ ရက်နေ့ မွန်းလွဲ ၂ နာရီ ဝန်းကျင်ခန့်က မိုင်တိုင် အမှတ် ၂၂ မှာ ဖောကား ၁၇ စီးပါ စစ်ကောင်စီ ယာဉ်တန်းကို လက်လုပ်မိုင်းတွေနဲ့ မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ကား ၁ စီး တိမ်းမှောက်ပြီး နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု ၁၅ မိနစ်ခန့် ဖြစ်ပွားခဲ့တယ်လို့လည်း ဆိုပါတယ်။
“ကျနော်တို့ မျက်စိရှေ့မှာတောင် သေဆုံးတဲ့ စစ်ကောင်စီ တပ်သားတွေက အရမ်းများပါတယ်။ အလောင်းတွေကိုတော့ စစ်ကောင်စီ တပ်က ကားတွေနဲ့ ကလိန်အောင် ဆေးရုံကို သယ်သွားတာလည်း ရှိတယ်။ ပြီးတော့ အဲဒီအနားမှာရှိတဲ့ ကျောက်ထုတ်လုပ်ရေး စခန်းက အလုပ်သမားတွေကိုလည်း အလောင်းတွေကို ကူပြီး တင်ခိုင်းနေကြတယ်” လို့ YPPDF ရဲ့ ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပြပါတယ်။
စစ်ကောင်စီ တပ်ဘက်မှာ လက်ပြတ်ခြေပြတ်နဲ့ ဒဏ်ရာရ အခြေအနေဆိုးသူများလည်း ရှိကြောင်း၊ ယင်း အခြေအနေ ဆိုးသူများကို ကံပေါက် မောရဝတီ ရေတပ်သို့ သယ်ဆောင်သွားကြောင်းလည်း ၎င်းက ဆက်လက် ပြောပါတယ်။
YPPDF တပ်ဖွဲ့ဝင် တစ်ဦးကလည်း ပေါက်ကွဲအားပြင်းတဲ့ လက်လုပ်မိုင်း အရှိန်ကြောင့် စစ်ကောင်စီ တပ်သား ၁၀ ဦးကျော် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူလည်း ၁၀ ဦးခန့်ရှိတယ်လို့ ပြောဆိုပါတယ်။
တိုက်ခိုက်မှု အတွင်း စစ်ကောင်စီဘက်က ၄၀ မမ၊ ၆၀ မမ ဗုံးသီးတွေနဲ့ ပစ်ခတ်ခဲ့ပေမယ့် ပြည်သူ့ ကာကွယ်ရေး တပ်တွေ အောင်မြင်စွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။
အထက်ပါ YPPDF တပ်ဖွဲ့ဝင်ကအဲဒီနေ့က မိုင်းဆွဲခံရလို့ တိမ်းမှောက်သွားတဲ့ ကားကိုတော့ ထားရစ်ခဲ့ကြပြီး နောက်နေ့မှ ဘက်ဖိုးကားနဲ့ လာပြီး ထောင်မတ်ပြီး ထားသွားပေမယ့် လက်ရှိအချိန်ထိ အဲဒီစစ်ကားကို သယ်ယူသွားခြင်း ရှိမရှိ မသိရ သေးဘူးလို့လည်း ပြောပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို YPPDF နဲ့ Mine Force PDF မဟာမိတ် ပူးပေါင်းအဖွဲ့တို့က လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရပါတယ်။