နွေဦးမောင်/ဧရာဝတီတိုင်းမ်
(ဧရာဝတီ)၊ ဖေဖော်ဝါရီလ ၁၅ ရက်
ဧရာဝတီတိုင်းမှာ အာဏာသိမ်းစစ်ကောင်စီလက်ထက် လယ်သမားအများစုဟာ သွင်းအားစုတွေ စျေးအဆမတန်မြင့်လာမှုကြောင့် နွေစပါး စိုက်ပျိုးရာမှာ ဓာတ်မြေသြဇာသုံးစွဲနိုင်ရန် အခက်အခဲတွေဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
စပါးစိုက်ပျိုးရာမှာ အသုံးပြုရတဲ့ ဓာတ်မြေဩဇာ၊ ဒီဇယ်နဲ့ ပိုးသတ်ဆေး ပေါင်းသတ်စျေးနှုန်းတွေဟာ စစ်ကောင်စီလက်ထက်မှာ စျေး ၃ ဆကျော်မြင့်တက် လာတာကြောင့် နွေစပါးစိုက်ပျိုးဖို့အတွက်အခက်ကြုံနေရတာလို့ ဒေသခံလယ်သမားတွေက ပြောပါတယ်။
”ဒီနှစ်က ကုန်စျေးနှုန်းတွေကလည်း အဆမတန် တက်လာတော့ စပါးစိုက်ဖို့ ရင်းနှီးရတာ မလွယ်ဘူးလေ၊ အရင်က ဧက ၅၀ လောက်စိုက်နိုင်တဲ့သူတောင် ခု ဧက ၂၀ လောက်စိုက်ဖို့ မနည်းရုန်းကန် နေရတယ်”လို့ ဒေသခံ လယ်ယာလုပ်ငန်း လုပ်ကိုင်သူ အသက် ၄၀ ကျော်အရွယ် အမျိုးသမီး တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ဓာတ်မြေသြဇာစျေးနှုန်းများမှာ ယခင် စစ်အာဏာမသိမ်းမီက ယူရီးယား (ဆေးအိတ်အဖြူ) တစ်အိတ်လျှင် ၂၅ဝဝဝ ကျပ်ဝန်းကျင်ရှိခဲ့ရာမှ လက်ရှိတွင် ကျပ် ၉ သောင်းကျော်အထိ စျေးမြင့်တက်နေကြောင်း၊ တီစူပါ (ဆေးအိတ်အနက်) မှာ ယခင်က ၃ သောင်းဝန်းကျင်ရှိခဲ့ရာမှ လက်ရှိတွင် ကျပ် ၁ သိန်းကျော် ပေါက်စျေးရှိနေကြောင်း သိရပါတယ့။
အရပ်သားအစိုးရလက်ထက်က ဒီဇယ် ၁ ပေပါကို ၁ သိန်းကျော်ရှိရာကနေ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဒီဇယ် ၁ ပေပါကို ငွေ ၄ သိန်းကျော်ထိ ဝယ်ယူရတာမျိုးတွေနဲ့ နေ့စားခပေးရတဲ့ စရိတ်တွေ မြင့်တက်လာတာကြောင့် ခုလိုမျိုး နွေစပါးစိုက်ပျိုးဖို့ အခက်ကြုံလာရတာလို့ ဆိုပါတယ်။
သွင်းအားစုတွေ အဆမတန်စျေးမြင့်လာတာကြောင့် စပါးစိုက်ဖို့ အခက်ကြုံနေရချိန်မှာ စစ်ကောင်စီက နေကြာမဖြစ်မနေစိုက်ပျိုးဖို့ ဖိအားပေးတာကြောင့် နေကြာစိုက်ပျိုးချိန်မှာလည်း အရှုံးပေါ်ပြီး နွေစပါးစိုက်ပျိုးဖို့အတံက် အရင်းအနှီးအခက်ခဲရှိနေတာလို့ ဒေသခံလယ်သမားတွေက ပြောဆိုပါတယ်။