နွေဦးမောင် /ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၅ ရက်

စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ၊ လက်ပံတောင်းတောင်းဒေသ၊ တရုတ်ဝမ်ပေါင် ကြေးနီစီမံကိန်း အနီးရှိကျေးရွာများအား အကြိမ်ကြိမ် ဝင်ရောက် စီးနင်းကာ မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်လျက်ရှိသည်။

စစ်ကောင်စီတပ်က ထိုသို့ မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေသောကြောင့် စစ်ဘေးရှောင်နေကြရပြီး စားဝတ်နေရေးအတွက် ရရာအလုပ်များ လုပ်ကိုင်နေရကြောင်း ဒေသခံများစစ်ဘေးရှောင်များထံက သိရသည်။

“စစ်ကောင်စီတပ်က ရွာတွေကိုဝင်ပြီးမီးရှို့ကတည်းက ထွက်ပြေးနေကြရတာ။ ရွာကို ပြန်ကပ်မယ်လုပ်လိုက် စစ်ကြောင်းတွေဝင်လာလိုက်ဖြစ်နေတော့ ရွာကိုမပြန်ရဲဘဲ ဖြစ်သလို စားသောက်နေထိုင်ကြတယ်။ အခု ရက်တွေ အရမ်းကြာလာတော့ မနေနိုင်တော့ဘူး။ သူများတွေအလုပ်ခေါ်တာကိုနားစွင့်ပြီး လိုက်လုပ်စားနေရတယ်” ဟု အသက် ၁၉ နှစ်အရွယ် စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စားဝတ်နေရေးအတွက် ထိုသို့ လုပ်ကိုင်ရာတွင် စစ်ကောင်စီတပ်ကို ရှောင်ရှား၍ အန္တရာယ်ကြားမှ သွားရောက် လုပ်ကိုင်ရခြင်းဖြစ်ကြောင်း စစ်ဘေးရှောင်များ ထံက သိရသည်။

“မဖြစ်မနေမို့လို့သာ ရရာအလုပ်သွားလုပ်နေရတာ။ အသက်ရှင်နေသေးတော့ ထမင်းစားဖို့ အဓိကဖြစ်နေတယ်။ နေစရာမရှိတာက တောထဲတောင်ထဲတွေမှာ ဖြစ်သလိုနေလို့ရတယ်။ စားစရာမရှိတော့ အသက်စွန့်ပြီး အလုပ်ထွက်ရှာလုပ်နေရတာ။ ကုန်းတစ်တန် ရေတစ်တန်ကျော်ပြီးသွားရတာ။ စစ်ကောင်စီတပ်တွေနဲ့ မတိုးအောင်လည်းရှောင်ရှားရသေးတယ်။ ဒုက္ခတွေကတော့မလွယ်ပါဘူး။ ဒီတော်လှန်ရေး လည်းမြန်မြန် ပြီးချင်လှပါပြီ။ အလုပ်ကတော့ သူများစိုက်ပျိုးတဲ့အခင်းတွေမှာ ကွမ်းခူးတာ၊ ဖရဲသီးခူးတာ၊ မြေပဲဆွတ်တာ၊ ငရုတ်ဆွတ်တာတွေ လုပ်ရတယ်” ဟု စစ်ဘေးရှောင် အမျိုးသမီးက ဆိုသည်။

စစ်ကိုင်းတိုင်း မုံရွာအနောက်ဘက်ခြမ်း လက်ပံတောင်းတောင်ဒေသ တရုတ်ဝမ်ပေါင် ကြေးနီစီမံကိန်းအနီးတွင် ကျေးရွာပေါင်း ၂၈ ရွာရှိပြီး လူဦးရေ ၁၀၀,၀၀၀ ကျော်နေထိုင်လျက်ရှိသည်။

စစ်ကောင်စီတပ်များ အကြိမ်ကြိမ် ဝင်ရောက် စီးနင်းကာ မီးရှို့ဖျက်ဆီးမှုများကြောင့် စစ်ဘေးရှောင်နေရသည့် ကျေးရွာ ၁၅ ရွာခန့်ရှိပြီး စစ်ဘေးရှောင်နေကြရသူ ၃၀,၀၀၀ ကျော်အထိ ရှိကြောင်း ဒေသခံများထံက သိရသည်။

#လက်ပံတောင်းတောင် #ကြေးနီစီမံကိန်း #စစ်ကောင်စီတပ် #ကျေးရွာများ #မီးရှို့ဖျက်ဆီး #စစ်ဘေးရှာင် #စားဝတ်နေရေးခက်ခဲ #Ayeyarwaddy_Times