ဧရာဝတီတိုင်းမ်
(ပေါင်)၊ ဖေဖော်ဝါရီလ ၁၅ ရက်
မွန်ပြည်နယ်၊ ပေါင်မြို့နယ်မှ မြို့နယ်ပြည်သူ့စစ်ခေါင်းဆိုသူတစ်ဦးကို ”နန်းထိုက်အောင်စစ်ဆင်ရေး”အဖြစ် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသ SOF အထူးတပ်ဖွဲ့ထံမှ သိရသည်။
ပေါင်မြို့နယ်၊ ရင်ငြိမ်းကျေးရွာရှိ မြို့နယ်ပြည်သူ့စစ်ခေါင်းဆောင် မြင့်ရီ(ခ)ပေါပီဆိုသူအား ယနေ့ (ဖေဖော်ဝါရီလ ၁၅ ရက်နေ့)နံနက် ၇ နာရီ ၁၅ ခန့်က ရင်ငြိမ်းရွာတောင်ပိုင်း ငွေလျှံလက်ဖက်ရည်ဆိုင်အတွင်း ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“သူ့ကိုရှင်းတော့ ထွက်ပြေးတဲ့သူကပြေး။ ထရပ်တဲ့သူက ထရပ်ကြတော့ ရုတ်တရက် ပြည်သူနဲ့ရောနေတယ်။ လူရှူပ်နေတာပေါ့။ သူတို့ ပြန်ခုခံနိုင်တာတော့မရှိဘူး။ နေရာတင်ပွဲချင်းပြီးပဲ”ဟု SOF အထူးတပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ခံမှ ဧရာ၀တီတိုင်းမ်သို့ ပြောသည်။
စစ်ဆင်ရေးလုပ်ဆောင်စဥ် လက်ဖက်ရည်ဆိုင်အတွင်း အခြားပျူစောထီးအဖွဲ့ဝင်များရှိနေခြင်းကြောင့် စစ်ရေးပစ်မှတ် မြင့်ရီ(ခ)ပေါပီထံမှ လက်နက်ရှာဖွေသိမ်းဆည်းနိုင်ခြင်းမရှိခဲ့ဘဲ ပြန်ဆုတ်ခဲ့ရကြောင်း SOF အထူးတပ်ဖွဲ့ထံမှ သိရှိရသည်။
ပစ်ခတ်ရှင်းလင်းခံလိုက်ရသော မြင့်ရီ(ခ)ပေါပီသည် စစ်ကောင်စီလက်အောက်တွင် ပြည်သူ့စစ်ခေါင်းဆောင်အဖြစ် ပျူစောထီးများအား စစ်သင်တန်းပေးနေသူဖြစ်ပြီး ရင်ငြိမ်းရဲစခန်း၌ ညစဥ်လုံခြုံရေးကင်းစောင့်လေ့ရှိကြောင်း သိရှိရသည်။
ထို့အပြင် မြင့်ရီသည် ရင်ငြိမ်းကျေးရွာရှိ လူငယ်များအား မတရားဖမ်းဆီးရာတွင် ပါဝင်ခြင်း၊ လူငယ်တစ်ဦးလျှင် ကျပ်သိန်း ၈၀ ဖြင့် ပြန်ရွေးစေခြင်းစသည့် စစ်ကောင်စီထောက်တိုင်လုပ်ငန်းများအား လုပ်ဆောင်နေသူဖြစ်ပြီး ၎င်းသည် ယခင်က အကြမ်းဖက်စစ်တပ်၏ တပ်မ(၄၄)တွင် တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်သည်။