ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၅ ရက်

ဧရာ၀တိီတိုင်း၊ ဟင်္သာတမြို့၊ ဥယျာဥ်မြောက်ရပ်ကွက် မနော်ဟရီလမ်းမှာ မနေ့က ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ည ၁၀ နာရီကျော်အချိန်မှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူနေအိမ် ၂ လုံး မီးလောင်ဆုံးရူံးခဲ့တယ်လို့ သိရပါတယ်။

မီးစတင်လောင်ကျွမ်းသည့် နေအိမ်မှ ညစာချက်ရန်အတွက် ဂတ်စ်မီးဖိုကို အသုံးပြုရာမှ ပေါက်ကွဲရာမှ မီးစတင်လောင်ကျွမ်းခဲ့ပြီး ခြံခြင်းကပ်နေတဲ့ နောက်ထပ်နေအိမ်တစ်လုံးကိုပါ မီးကူးစက်လောင်ကျွမ်းခဲ့တာလို့ မီးသတ်တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

“စလောင်တဲ့အိမ်က ကောင်လေးက ညစာစားဖို့ကြက်ဥကြော်တာ။ ဆီအပူပေးနေတုန်း မီးဖိုဂတ်စ်အိုးကထပေါက်တာ။ သူတစ်ယောက်ထဲ မလုပ်တတ်တော့ မီးကစွဲပြီး စလောင်တယ်လို့စစ်ဆေးတွေ့ရှိရပါတယ်”လို့ မြို့နယ် မီးသတ်တပ်ဖွဲ့အရာရှိတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

မီးလောင်မှုဖြစ်ပွားရာ နေရာမှာ ဟင်္သာတမြို့လယ်ခေါင်ဖြစ်တာကြောင့် ပြည်သူလူထု မီးမထိန်းနိုင်မှာ စိုးရိမ်ခဲ့ကြပြီး ပြည်သူများက၀င်ရောက်ကူညီငြိမ်းသတ်ခဲ့ကြရာ ခရိုင်အတွင်းက မီးသတ်ယာဥ် ၁၃ စီးနဲ့ တစ်နာရီနီးပါးကြာအောင်ငြိမ်းသတ်ခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူမရှိခဲ့ဘူးလို့ မြို့ခံတွေက ပြောပါတယ်။

မီးစတင်လောင်ကျွမ်းတဲ့ နေအိမ်ပိုင်ရှင်ကို ဟင်္သာတ မြို့မရဲစခန်းက(ပ)၃၉/၂၀၂၃၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားတယ်လို့သိရပြီးဟင်္သတမြို့နယ်မှာ၂၀၂၃ခုနှစ်အတွင်း ယခုမီးလောင်မှုဟာ ဒုတိယအကြိမ်ဖြစ်ပြီးဖေဖော်ဝါရီလ ၇ ရက်နေ့ကလည်း စခန်းကြီးကျေးရွာမှာ လူနေအိမ်တစ်လုံး မီးလောင်ဆုံးရူံးခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့ရဲ့မှတ်တမ်းတွေအရ သိရပါတယ်။

#ဟင်္သာတ #မီးဖိုချောင်သုံး #ဂတ်စ်အိုး #ပေါက်ကွဲ #မီးလောင်
#Ayeyarwaddy_Times