ဧရာဝတီတိုင်းမ်
(သုံးဆယ်)၊ ဖေဖော်ဝါရီလ ၁၅ ရက်

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့တွင် ယမန်နေ့ ဖေဖော်ဝါရီလ ၁၄ ရက် ည ၉ နာရီ ၄၀ မိနစ်တွင် ပျူစောထီးအဖွဲ့ဝင်များမှ ဦးစီးသည့်ပြုလုပ်နေသည့် လောင်းကစားဝိုင်းအား သာယာဝတီဂဠုန်တပ်ဖွဲ့နှင့် မင်းလှပြည်သူကာကွယ်ရေးတပ်ဖွဲ့တို့မှ အသံမိုင်းဖြင့် ဖောက်ခွဲသတိပေးခဲ့ကြောင်း သိရသည်။

သုံးဆယ်မြို့၊ ချမ်းသာကုန်းနှင့် ညောင်လေးပင်ရွာကြားရှိ သုသာန်အနီးတွင် စစ်‌ကောင်စီထံဆက်ကြေးပေး၍ ပြုလုပ်နေသည့် မြို့နယ်ပျူစောထီးအဖွဲ့ဝင်များ၏ လောင်းကစားဝိုင်းအား သတိပေးသည့်အနေဖြင့် အသံမိုင်းဖောက်ခွဲစဉ် ပျူစောထီးများမှ ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခဲ့သည့်အတွက် သေနတ်ဖြင့်ပြန်လည်ပစ်ခတ်ခဲ့ရာ လောင်းကစားဒိုင်ချုပ် ဘိုကျောက်ဆိုသူ ကျည်ထိမှန်ခဲ့ကြောင်း သာယာဝတီဂဠုန်တပ်ဖွဲ့ဝင်များက ပြောသည်။

“အဲ့ဒီလောင်းကစားဝိုင်းမှာက ကစားနေတာ အယောက် ၄၀ ကနေ ၈၀ ဝန်းကျင်ရှိတယ်။ ညတုန်းက ကျွန်တော်တို့ဂဠုန်တပ်ဖွဲ့ဝင်တွေ အသံမိုင်းဖောက်ခွဲဝော့ာ သူတို့ပျူအုပ်စုကဝင်လုံးတယ်။ ၇ ယောက် ၈ ယောက်လောက်ရှိမယ်။ ကျွန်တော်တို့အဖွဲ့ဝင်တစ်ယောက်ကို ဖမ်းချုပ်ထိုးကြိတ်ပြီး အဲ့ဒီဘိုကျောက်က စကေဘာနဲ့ဝင်ထိုးတယ်။ အဲ့ဒီမှာ အဖွဲ့ကကျန်တစ်ယောက်က သေနတ်နဲ့အရင်လက်ဦးမှုယူ ပစ်ခတ်ပြီးတားလိုက်တယ်”ဟု သာယာဝတီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ လောင်းကစားဒိုင်ချုပ် ကျောက်တံခါး(ခ)ဘိုကျောက်မှာ ပျူစောထီးအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး လက်ရှိတွင် ဦးခေါင်းကျည်ရှပ်ထိဒဏ်ရာဖြင့် သာယာဝတီဆေးရုံတွင် ကုသမှုခံယူနေရကြောင်း သိရသည်။

သာယာဝတီဂဠုန်တပ်ဖွဲ့သည် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကလည်း မင်းလှမြို့နယ်၊ ကျွန်းကုန်းရွာရှိ စစ်ကောင်စီနှင့်ပေါင်းကာ သစ်ခိုးထုတ်နေသည့် စစ်ကောင်စီသတင်းပေးဆိုသူ ရာအိမ်မှူးစိုးနိုင်အား ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။