ဧရာဝတီတိုင်းမ်
(ထန်တလန်)၊ ဖေဖော်ဝါရီလ ၁၅ ရက်

ချင်းပြည်နယ်၊ ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်ထားသည့် ထန်တလန်မြို့၊ မြို့မရဲစခန်းကို စစ်ကောင်စီတပ်ကက ယမန်နေ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့ ည ၉ နာရီ ၄၀ မိနစ်ခန့်တွင် တိုက်လေယာဉ် ၂ စင်းဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက် ခဲ့ကြောင်းဒေသကာကွယ်ရေးတပ်ဖွဲ့ ထံက သိရသည်။

ထန်တလန်မြို့၊ မြို့မရဲစခန်းကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် CNA နှင့် CDF-Thangtlang တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သည် အဆိုပါရဲစခန်းကို ပြန်လည် ထိန်းချုပ်နိုင်ရန်အတွက် ကုန်းကြောင်းဖြင့် ထိုးစစ်ဆင်ရန်အင်အား ဖြည့်တင်းနေပြီး လေကြောင်းဖြင့်ဗုံးကြဲ တိုက်ခိုက်မှုများလည်း ပြုလုပ်နေခြင်း ဖြစ်ကြောင်း ဒေသကာကွယ်ရေး တပ်များထံက သိရသည်။

“ထန်တလန်မြို့မ ရဲစခန်းကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် မကြာခဏဗုံးလာကြဲတယ်။ မနေ့ညကလည်း တိုက်လေယာဉ် ၂ စီးနဲ့ လာကြဲသွားတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေတော့ ထိခိုက်ဒဏ်ရာ ရရှိသူမရှိပါဘူး။ ထန်တလန်မြို့မရဲစခန်းကို သိမ်းပိုက်ပြီးတော့ စစ်ကောင်စီတပ်တွေ ပြန်နေလို့မရအောင် အကုန်ဖျက်ဆီးခဲ့ပါပြီ။ အဲ့ဒါကို စစ်ကောင်စီက ပြန်သိမ်းမယ် ဆိုပြီး လေကြောင်းနဲ့ မကြာခဏဗုံးလာကြဲတယ်။ အခုလည်း လေယာဉ်သံတွေ ကြားနေရတယ်”ဟု ဒေသကာကွယ်ရေးရဲဘော်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထန်တလန်မြို့၊ မြို့မရဲစခန်းကို ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက် သိမ်းပိုက်ရာတွင် ဒရုန်းပစ်လက်နက်အပါအဝင် လက်နက် ၄၀ ကျော်ကို သိမ်းဆည်း ရရှိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးသေဆုံးကာ CNA ဒုဗိုလ်တစ်ဦး ကျဆုံး ခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များသိမ်းပိုက်ထားသည့် ထန်တလန်မြို့မ ရဲစခန်းအား မြင်တွေ့ရစဥ်။

#ချင်းပြည်နယ် #ထန်တလန်မြို့မရဲစခန်း #စစ်ကောင်စီတပ် #တိုက်လေယာဉ် #ဗုံးကြဲ #Ayeyarwaddy_Times